News

POST TYPE

NEWS

ဆန္ဒပြရန် ငွေပေးစေခိုင်းသူကို ထောင်ချမည့် ငြိမ်း စု စီ ဥပဒေကြမ်း လွှတ်တော်တင်
19-Feb-2018

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

ဆန္ဒပြရန် ငွေပေးစေခိုင်းသူကို ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ပါ ချမှတ်ရန်အတွက် ငြိမ်း၊ စု၊ စီဥပဒေကို ပြင်ဆင်ရန် ယနေ့ကျင်းပသော အမျိုးသား လွှတ်တော်သို့ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက တင်သွင်းလိုက်သည်။

မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ကိုယ်ကျင့် တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေ ဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်း သုံးစွဲပြီး အခြားသူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင်လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကိုပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ဖြည့်စွက်ထားခြင်းဖြစ်သည်။

တင်သွင်းချက်တွင်ပုဒ်မ ၂၃ ၊ ၂၄ နှင့် ၂၅ တို့ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများပြုလုပ်ရမည်ဖြစ်ပြီး ယင်းကိစ္စကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူသောကြောင့် ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းတင် သွင်းရမည်ဖြစ်သည်။

ယင်းအပြင် ပုဒ်မ ၁၈ ကလွဲ၍ ဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုကျုးလွန်သည့်နေ့မှစ၍ ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးကို တရားစွဲဆိုတင်ပို့ရမည်ဟု အစားထိုးလိုကြောင်း တင်သွင်းချက်တွင် ဖော်ပြထားသည်။

ပြင်ဆင်ဖြည့်စွက်ရန် တင်သွင်းချက်ပါ ထောင်ဒဏ်နှင့် ငွေဒဏ်ပါ ပူးတွဲ ချမှတ်ရန် ဖြည့်စွက်ချက်သည် ယင်းဥပဒေကို ပြီးခဲ့သည့်နှစ်အတွင်း ပြင်ဆင်စဉ်က အမျိုးသားလွှတ်တော်က ထည့်သွင်းခဲ့သော်လည်း ပြည်သူ့လွှတ်တော်၏ ကန့်ကွက်မှုကြောင့် ပယ်ချခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဌေးဦးက The Voice Daily သို့ ပြောကြားသည်။

“ပြည်သူ့လွှတ်တော်က ငွေကြေး၊ အစားအသောက်အတွက် အနည်းအကျဉ်း ရှိမှာပဲ ဆိုတဲ့သဘောနဲ့ အဲဒီအချက်ကို ပြည်ထောင်စုလွှတ်တော်ရောက်မှ ပယ်ခံလိုက်ရတာ” ၎င်းကဆိုသည်။

လက်ရှိတင်သွင်းချက်သည် ပါတီဆိုဒ်မှ ခွင့်ပြုချက် ရရှိပြီးဖြစ်နိုင်သောကြောင့် အဆိုပါအချက်သည် အတည်ဖြစ်သွားနိုင်ကြောင်း၊ NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များသည် မေးခွန်း၊ အဆိုကိစ္စများနှင့်ပက်သတ်၍ ပါတီ၏ခွင့်ပြုချက်ကို ရယူရခြင်း ဖြစ်သောကြောင့် ယင်းသို့သုံးသပ်ကြောင်း ဦးဌေးဦးက ထပ်လောင်းပြောကြားသည်။

S-01