News

POST TYPE

NEWS

စစ်တွေ စည်ပင်ခန်းမတွင် အရပ်ဘက်အဖွဲ့အစည်းများ အစည်းအဝေး အစိုးရကန့်သတ်မှုကြောင့် နေရာ ပြောင်းကျင်းပမည်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၉ 

စစ်တွေမြို့ စည်ပင်သာယာပိုင် ခိုင်သဇင်ခန်းမတွင် ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၂၄ ရက်၌ ကျင်းပမည့် ဘင်္ဂါလီများ နေရာချထားရေးနှင့် မြောက်ဦးဖြစ်စဉ်များနှင့် ပတ်သက်သည့် အစည်းအဝေးကို အစိုးရက ကန့်သတ်မှုကြောင့် နေရာပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်းများ အစည်းအဝေး ကျင်းပရေး ကော်မတီထံမှ သိရသည်။

ခိုင်သဇင် ခန်းမကို ငှားရမ်း အသုံးပြုမည်ဆိုပါက တရားဝင် မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့ မှတ်ပုံတင်နှင့် အစိုးရအား ဆန့်ကျင်သည့် အသုံးအနှုန်း ပြောဆိုခြင်းများ မပြုလုပ်ကြောင်း ကတိဝန်ခံချက်ဖြင့် တင်ပြလျှောက်ထားမှ ခွင့်ပြုနိုင်မည်ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ အသိပေးစာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ တင်းကျပ်မှုကြောင့် ခန်းမတွင် မကျင်းပတော့ဘဲ စစ်တွေမြို့ရှိ ပုသိမ်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်းများ အစည်းအဝေး ကျင်းပရေး ကော်မတီမှ ပြန်ကြားရေး တာဝန်ခံ ဦးစိုးနိုင်ကဆိုသည်။ 

“ဒီမိုကရေစီခေတ်မှာ အစိုးရကို မဝေဖန်ရဆိုတာ တော်တော်ရယ်ဖို့ကောင်းတဲ့ ပြက်လုံးတစ်ခုကို နားထောင်ရသလို ဖြစ်နေတယ်။ အခု ကျွန်တော်တို့ ကျင်းပမယ့် ဘုန်းတော်ကြီးက အရှင်ဘုရားတောင် အစိုးရကို ဒီကျောင်းမှာ လုပ်မှာဖြစ်တယ်လို့ ထောက်ခံစာ တင်ပေးရတယ်”ဟု ၎င်းကဆိုသည်။ 

ခိုင်သဇင်ခန်းမကို ယခင်အစိုးရလက်ထက်က အရပ်ဘက် အဖွဲ့အစည်းများ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ကာ Public Center အဖြစ် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အစည်းအဝေးများကိုလည်း အကြိမ်ကြိမ် ပြုလုပ်လာပြီဖြစ်သော်လည်း ယခုလို ကန့်သတ်ခြင်းမရှိကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

“စည်းကမ်း သတ်မှတ်ထားတာရှိတယ်။ လူမှုအဖွဲ့အစည်းတွေက ငှားဖို့တင်ပြလာလို့ဆိုရင် တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့တွေဖြစ်ရမယ်။ အဓိကတော့ အဲဒီအချက်အလက်တွေကို တောင်းခံတာပါ။ အချက်အလက် ပြည့်စုံရင်တော့ ခွင့်ပြုမှာပေါ့။ အရင်က စည်းကမ်းချက်တွေမှ လိုအပ်နေသေးလို့ ပြည့်ပြည့်စုံစုံ ဖြစ်အောင် ထပ်ပြီးတော့ ဖြည့်စွက်လိုက်တာတွေရှိတယ်”ဟု ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ပြောသည်။
 
အဆိုပါ အစည်းအဝေးတွင် မောင်တော တောင်ပိုင်းနှင့် မေယုကမ်းခြေတစ်လျှောက်ရှိ တိုင်းရင်းသား မျိုးနွယ်စုများ လုံခြုံစိတ်ချစွာဖြင့် အခြေချ နေထိုင်နိုင်ရေးအတွက် ဘင်္ဂါလီများအား ပြန်လည်လက်ခံ နေရာချထားခြင်း မပြုရန် မြောက်ဦးဖြစ်စဉ် ကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ကျင်းပရန် စီစဉ်သူများထံမှ သိရသည်။

R-22