News

POST TYPE

NEWS

မြန်မာ့ပထမဆုံး နိုင်ငံတကာရုပ်သေးပွဲတော်ကျင်းပမည်
19-Feb-2018

မန္တလေး၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်မည့် နိုင်ငံတကာရုပ်သေးပွဲတော်ကို ရန်ကုန်မြို့၌ မတ်လ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးထံမှ သိရသည်။ 

အဆိုပါရုပ်သေးပွဲတော်ကို ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပမည်ဖြစ်ပြီး ရှစ်နိုင်ငံမှ ရုပ်သေးအဖွဲ့ရှစ်ဖွဲ့ခန့် လာရောက်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးနေဝင်းက ပြောကြားသည်။ 

ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည့် သဘင်၊ ဂီတ၊ အဆို၊ အက၊ ရုပ်သေးစသည့် ပညာရပ်များ မပျောက်ပျက်အောင် အစိုးရက မူဝါဒ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာရုပ်သေးပွဲတော်ကို မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပနိုင်ရန် ညှိနှိုင်းမှုများပြုလုပ်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံခြားသားများအနေနှင့် ရုပ်သေးကဏ္ဍကို စိတ်ဝင်တစား လေ့လာမှုများရှိသော်လည်း ပြည်တွင်းနိုင်ငံသားများအနေနှင့် စိတ်ဝင်စားမှုမရှိတော့ဘဲ ငှားရမ်းခြင်းလည်း မရှိတော့ကြောင်း၊ ပညာရှင်များအနေနှင့် ရုပ်သေးပညာ ပပျောက်မသွားစေရန် ထိန်းသိမ်းထားရကြောင်း၊ တိမ်မြုပ်ပျောက်ကွယ်လု အနေအထားရောက်နေသည့် ရုပ်သေးပညာရပ်များကို မြှင့်တင်သည့်အနေနှင့် နိုင်ငံတကာ ရုပ်သေးပွဲတော် ကျင်းပခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးဝင်အချို့ထံမှ သိရသည်။  

M-05

  • VIA