News

POST TYPE

NEWS

ရှစ်လေးလုံးပါတီ တည်ထောင်သူများ၏နောက်ကြောင်း ပြည်ထဲရေး စစ်ဆေးပြီးဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ပါတီမှတ်ပုံတင်ထားသော ရှစ်လေးလုံးပါတီ တည်ထောင်သူများစာရင်းတွင် ပါဝင်သူများ၏ နောက်ကြောင်းရာဇဝင်များကို ပြည်ထဲရေးကစစ်ဆေးပြီးစီး၍ ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့လိုက်ပြီဖြစ်ကြောင်း ပါတီဦးဆောင်သူဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ပြုလုပ်သည့် ရှစ်လေးလုံးပါတီ၏ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ သာကေတမြို့နယ် ရုံးခန်းဖွင့်ပွဲအခမ်းအနားတွင် ဦးကိုကိုကြီးက သတင်းထောက်များကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရှစ်လေးလုံးပါတီ၏ ပါတီတည်ထောင်သူများစာရင်းတွင် ပါဝင်သူများကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ စုံစမ်းထောက်လှမ်းရေး၊ လူဝင်မှုကြီးကြပ်ရေး၊ CID တပ်ဖွဲ့များက စိစစ်မှုများလုပ်ဆောင် ပြီးစီးသွားပြီဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်ထံ စိစစ်ချက်များကို ပြန်လည်ပို့ထားသည်ဟု ကြားသိရကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

လက်ရှိတွင် ပါတီတည်ထောင်ခွင့် ပုံစံ (ခ) ကျ၊ မကျကို စောင့်ဆိုင်းလျက်ရှိပြီး မကြာမီကော်မရှင်ထံမှ အကြောင်းပြန်ကြားချက်ရရှိလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

“စစ်ဆေးမှုတွေလုပ်ပြီးသွားတော့ ကော်မရှင်ကို သူတို့ပြန်ပို့ထားတယ်လို့ သိရပါတယ်။ အဲဒီတော့ များမကြာခင် ကော်မရှင်ကနေ အကြောင်းပြန်ကြားချက် ရလာမယ်လို့ထင်ပါတယ်၊ ပုံစံ (ခ) ပါတီတည်ထောင်ခွင့် ရပြီဆိုရင်တော့ ပခေါင်းဆောင်၊ ဒုခေါင်းဆောင်နှစ်ယောက်နဲ့ ပါတီအမည် အမှတ်တံဆိပ်နဲ့လိုဂို ပါတီမူဝါဒ သဘောတရားရေးရာတွေကို ရက်ပေါင်း ၃၀ အတွင်း တင်ပြရမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဦးကိုကိုကြီးဦးဆောင်ပါဝင်ပြီး ၈၈ မျိုးဆက်ကျောင်းသားဟောင်းများ အများစုဖြင့် ဖွဲ့စည်းမည့် ပါတီကို ရှစ်လေးလုံးပါတီအမည်ဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါလျှောက်လွှာတွင် ပါဝင်သည့် ပါတီတည်ထောင်လိုသူများစာရင်းတွင် ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ ဦးရဲနိုင်အောင်၊ ဦးအံ့ဘွယ်ကျော် အစရှိသည့် ၈၈ ငြိမ်း/ပွင့် ခေါင်းဆောင်ဟောင်းများအပါအဝင် ပါတီတည်ထောင်လိုသူ ၁၈ ဦး အမည်စာရင်း ပေးသွင်းထားသည်။

ပါတီ၏အမည်ဖြစ်သော ရှစ်လေးလုံးပါတီဆိုသည့်အမည်ကို နိုင်ငံရေးအသိုင်းအဝိုင်းတွင် ကန့်ကွက်မှုအချို့ရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမည်ပြောင်းလဲရန် တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသေးကြောင်း ယင်းပါတီတည်ထောင်သူများထံမှ သိရသည်။

J-08