News

POST TYPE

NEWS

မန္တလေးတိုင်း တက္ကသိုလ်ဝင်တန်း ဖြေမည့်ကျောင်းသား တစ်သောင်းကျော်တိုး
18-Feb-2018


မန္တလေး၊ ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းအတွင်း ယခုပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူ တစ်သိန်း တစ်သောင်းကျော်ရှိသောကြောင့် ယခင် နှစ်ထက် တစ်သောင်းကျော် တိုးလာကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။

ယင်းကျောင်းသားများအတွက် စာစစ်ဌာန ၂၀၀ နီးပါး ဖွင့်လှစ်ပေးသွားမည်ဟု တိုင်းပညာရေးမှူးရုံး ညွန်ကြားရေးမှူး (ပညာ) မှ ဒေါ်ခင်ဌေးက ပြောကြားသည်။

“စာစစ်ဌာနဖွင့်တဲ့နေရာမှာ ကျောင်းတွေမှာ သာမက အကျဉ်းထောင်နဲ့ မန္တလေးဆေးရုံကြီးလည်း ပါတယ်။ ဆေးရုံကြီးမှာဖြေမယ့် ကျောင်းသား ကျောင်းသူ အရေအတွက်ကတော့ စာမေးပွဲ စဖြေမယ့်နေ့မှ သိရမယ်”ဟု ၎င်းကပြောဆိုသည်။ 

မန္တလေးတိုင်းအတွင်း၌ စာစစ်ဌာန ၁၉၂ ခု ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ အရေအတွက် ၁၁၆,၇၉၁ ဦးရှိကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

“ကျွန်မတို့ မန္တလေးတိုင်းက အထက်မြန်မာပြည်မှာကျတော့ ပညာရေးစုရပ်တစ်ခုလို ဖြစ်နေတာပေါ့နော်။ ကျူရှင် အကြီးကြီးတွေ၊ ကိုယ်ပိုင် အထက်တန်းကျောင်းတွေက နာမည်လည်း ကြီးကြတယ်။ အဲဒီတော့ အထက်ပိုင်း (မြန်မာပြည် အထက်ပိုင်း) က မိဘတွေက ဒီမှာ လာထားကြတယ်။ အဓိကတော့ ကိုးတန်း၊ ဆယ်တန်းတွေထားကြတာ။ ဒါကြောင့် များလာတယ်လို့ထင်တယ်”ဟု မန္တလေးမြို့ခံ ကျူရှင်ဆရာမ ဒေါ်သော်တာထွန်းက ပြောကြားသည်။

စာစစ်ဌာန ၁၉၂ ခုအတွက် ကြီးကြပ်ရေးမှူး ၁၉၂ ဦး ထားရှိမည်ဖြစ်သော်လည်း စာစစ်ဌာနတစ်ခုတွင် ဖြေဆိုသူဦးရေ ၈၀၀ ကျော်ပါက တွဲဖက် ကြီးကြပ်ရေးမှူးတစ်ဦး ထပ်မံ တိုးမြှင့်ချထားပေးမည်ဖြစ်ကြောင်း၊ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် မန္တလေး ဗဟို အကျဉ်းထောင် (အိုးဘိုထောင်) တို့တွင်လည်း စာစစ်ဌာနများ ဖွင့်လှစ်ပေးထားမည်ဟု ဒေါ်ခင်ဌေးက ရှင်းပြသည်။

ပြီးခဲ့သော ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် စာစစ်ဌာန ၁၈၀ ဖွင့်ထားပေးခဲ့ပြီး စာမေးပွဲဖြေရန် စာရင်းပေးထားသူ တစ်သိန်းကျော်အနက် ကျောင်းသားကျောင်းသူ ၉၉,၈၄၃ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း မန္တလေးတိုင်း ပညာရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

M-04