News

POST TYPE

NEWS

လှဖိုးခေါင် ကြားစခန်းရှိ ဆောက်လုပ်ဆဲတန်းလျားများ မတ်လဒုတိယပတ်တွင် ပြီးစီးမည်
18-Feb-2018

စစ်တွေ၊ ဖေဖော်ဝါရီ ၁၇ 

ဘင်္ဂလားဒေ့ရှ်မှ ပြန်လည် ဝင်ရောက်လာသူများ နေထိုင်နိုင်ရေးအတွက် မောင်တောမြို့နယ် လှဖိုးခေါင်ကျေးရွာတွင် တည်ဆောက်နေသော ယာယီကြားစခန်းမှ တန်းလျားများ မတ်လဒုတိယအပတ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။ 

လူသုံးသောင်းခန့်နေထိုင်ရန် ရှစ်ခန်းတွဲ တန်းလျား ၆၂၅ လုံး ဇန်နဝါရီလ ၁၄ ရက်မှစ၍ တည်ဆောက်နေပြီး လက်ရှိတွင် လူဦးရေ နှစ်သောင်းနေထိုင်နိုင်ကြောင်း၊ တစ်ဖက်နိုင်ငံက ပြန်ဝင်လာသူများကို ငါးခူရလက်ခံရေးစခန်းနှင့် တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းတို့တွင် စီစဉ်ပြီးမှ လှဖိုးခေါင်ယာယီကြားစခန်းတွင် ထားရှိမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ပြန်လည် ဝင်ရောက်လာသူများအနေနှင့် ကြားစခန်းတွင် ခေတ္တနေထိုင်ရမည်ဖြစ်ပြီး အိမ်များဆောက်လုပ်ရာတွင် အလုပ်ဝင်လုပ်ပြီး ဝင်ငွေရှာနိုင်အောင် စီစဉ်ထားသည့်အပြင် အိမ်မရှိသူများအနေနှင့် စခန်းမှနေပြီး ပြန်လည်တည်ဆောက်နေသော နေရာများ၌ အလုပ်သွားရောက် လုပ်ကိုင်နိုင်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

တန်းလျားတွဲနေအိမ်များကို တည်ဆောက်ရန်အတွက် ဒေသခံကုမ္ပဏီ ၃၉ ခု အား ရွေးချယ်ခဲ့ပြီး ကုမ္ပဏီတစ်ခုလျှင် ၁၅ လုံး သို့မဟုတ် ၂၀ လုံး အစားစားခွဲကာ တည်ဆောက်ခြင်းဖြစ်ကြောင်း UEHRD လက်အောက်မှ အခြေခံအဆောက်အဦနှင့် အဆောက်အအုံများ ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့ထံမှ သိရသည်။ 

R-22

  • VIA