News

POST TYPE

NEWS

ဝိတိုရိယ တောင်ထိပ်သို့ ဆိုင်ကယ်ဖြင့် တက်ခွင့်ပိတ်
17-Feb-2018

ကလေး၊ ဖေဖော်ဝါရီ ၁၇ 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်းရှိ ခေါနူးစုမ်(ခေါ်) ဝိတိုရိယတောင်ထိပ်အထိ ဆိုင်ကယ်ဖြင့် တက်ရောက်သည်ကို ခွင့်ပြုမည်မဟုတ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာန (မင်းတပ်ခရိုင်ရုံး)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးဟုန်လိန်းက ပြောကြားသည်။ 

ဆိုင်ကယ်များဖြင့် တောင်ထိပ်ပေါ်အထိ တက်ရောက်ရာတွင် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်လာသည့်အတွက် သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည် ထိန်းသိမ်းသည့်အနေနှင့် ဆိုင်ကယ်ဖြင့် တောင်ထိပ်အထိ တက်ခွင့်ကို ပိတ်ရခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်များကို တောင်ထိပ်ရောက်ရန် တစ်မိုင်ခန့်အလို နေရာအထိသာ တက်ရောက်ခွင့်ပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ 

“တောင်ရဲ့သဘာဝအတိုင်းကို ပြန်ဖြစ်အောင် စီမံချက် ရေးဆွဲပြီး လုပ်နေတာပါ”ဟု ဦးဟုန်လိန်းက ဆိုသည်။

ယခင်က ခေါနူးစုမ်တောင်ထိပ်သို့ ကားများ၊ ဆိုင်ကယ်များဖြင့် တက်ရောက်မှုရှိပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု ရှိလာသည့်အတွက်၂၀၁၇ ခုနှစ် ပွင့်လင်းရာသီမှစတင်ကာ ကားများဖြင့် တောင်ထိပ်အထိ တက်ရောက်မှုကို ပိတ်ခဲ့ပြီးနောက် ယခုပွင့်လင်းရာသီကာလတွင် တောင်ထိပ်ပေါ်၌ ပြည်တွင်းပြည်ပ ခရီးသွားများ ညအိပ်ခြင်းနှင့် ဆိုင်ကယ်ဖြင့် တောင်ထိပ်အထိ တက်ရောက်ခြင်းကို ထပ်မံ ပိတ်လိုက်ခြင်းဖြစ်သည်။ 

“ယာဉ်နဲ့တက်မယ်ဆိုရင် ယာဉ်ရဲ့အသံကြောင့် ငှက်တွေ ကြောက်တယ်ဗျာ။ နောက်တိရစ္ဆာန်တွေက အသံဗလံတွေကြားရရင် လမ်းရဲ့ဘေးဘီဝဲယာမှာ ဘယ်လိုလုပ် ကျက်စားတော့မလဲ။ ခရီးသွားလုပ်ငန်းကိုသွားထိခိုက်စေတယ်။ အဲဒီမှာ လူသွားလမ်းကြောင်းတစ်ခုပဲ ရှိစေချင်ပြီးတော့ ယာဉ်လုံးဝ မသွားရဘူး။ စက်သံနဲ့ ပတ်သက်လို့ ခပ်ဝေးဝေးထားရမယ့်နေရာ ဖြစ်စေချင်ပါတယ်”ဟု မင်းတပ်မြို့နေ ဆလိုင်းမာန်ဟုန်က ပြောဆိုသည်။ 

ခေါနူးစုမ်(ခေါ်)ဝိတိုရိယ တောင်ထိပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ တစ်သောင်းကျော်တွင် တည်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ မြေသားတောင်များအနက် အမြင့်ဆုံး တောင်တစ်ခုဖြစ်ကာ ချယ်ရီပန်း၊ တောင်ဇလပ်ပန်းနှင့် ကမ္ဘာပေါ်တွင် ရှားပါးစာရင်းဝင် မျက်ခုံးဖြူ ငှက်ပြာခြောက်စသည့် သတ္တဝါများ ကျက်စားနေထိုင်ကြခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ နှစ်စဉ် စိတ်ဝင်တစား လာရောက်လည်ပတ်သည့် နေရာတစ်ခုလည်းဖြစ်သည်။

R-20