News

POST TYPE

NEWS

စည်ပင်သာယာရေးကော်မတီကို စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းအဖြစ် ပြုပြင်ပြောင်းလဲမည်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော
17-Feb-2018


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ 

စည်ပင်သာယာရေးကော်မတီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနှင့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုအဖြစ် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းနှင့် စည်ပင်သာယာ ဥပဒေတစ်ခုလုံးကို ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး စည်ပင်သာယာ ဥပဒေပြင်ဆင်ရေးဆွဲရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဖွဲ့ကို လွှဲအပ်ထားပြီးဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်ပြုလုပ်သည့် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ အခက်အခဲများ တင်ပြပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“စည်ပင်သာယာကို စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားဖို့ ရှိပါတယ်။ စင်ကာပူနဲ့ ဂျပန်နိုင်ငံတို့က စည်ပင်သာယာ အုပ်ချုပ်မှုစနစ်ကို အတုယူပြီး ဆောင်ရွက်ရမှာဖြစ်ပြီး မူဘောင်တစ်ခုပေါ်ကနေ ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ စနစ်တစ်ခုကို သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် စည်ပင်ဥပဒေ တစ်ခုလုံးကို ပြုပြင်ဆောင်ရွက်မှုတွေကို ၂၀၁၈ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားပါမယ်”ဟု ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောဆိုသည်။

စည်ပင်သာယာ ဥပဒေတစ်ခုလုံးကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက် စည်ပင်သာယာ ဥပဒေနှင့်အညီ ဒေသန္တရရွေးကောက်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စည်ပင်သာယာ ဥပဒေမူကြမ်းကိုလည်း ပြုစုထားပြီးဖြစ်ကြောင်း၊ အဆိုပါ ဥပဒေကြမ်းသည် ဘက်ပေါင်းစုံကို ပြုပြင်ပြောင်းလဲနိုင်သည့် အခြေအနေ ရောက်ရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“စည်ပင်ဥပဒေကို မူကြမ်းပြုစုထားပြီး ဖြစ်ပါတယ်။ စနစ်ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဘာကြောင့် စနစ်ကို ပြောင်းလဲဖို့လိုလဲဆို ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလုပ်မယ်ဆိုရင် စည်ပင်မှာ တည်ဆောက်ခွင့်တွေ တင်ရပါတယ်။ ခွင့်ပြုမိန့်ပေးတဲ့အချိန်မှာလည်း တာဝန်ယူမှု တာဝန်ခံမှု ရှိရပါမယ်။ ဒါကြောင့် မူဘောင်တစ်ခုပေါ်ကနေ ညှိနှိုင်းဆောင်ရွက်နိုင်တဲ့စနစ်တစ်ခုကို သွားရပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

J-11