News

POST TYPE

NEWS

တရုတ်နိုင်ငံထုတ် ယာဉ် ၁၀၀၀ ကျော် တိုးမည်
16-Feb-2018



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ခရီးသည်တင်ယာဉ်လိုင်းအဖြစ် YBS ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်ခြင်းနှင့် ယာဉ်လိုင်းအသစ်များတွင် ထည့်သွင်းပြေးဆွဲရန် တရုတ်နိုင်ငံထုတ် ယာဉ်သစ် ၁၀၀၀ စီး အဆင်သင့်ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အဖွဲ့ အကြီးတန်းအရာရှိက ပြောကြားသည်။

တိုင်းအစိုးရအဖွဲ့က ဝယ်ယူထားသည့် ယာဉ်အသစ် ၁၀၀၀ မှာ YUPT ကုမ္ပဏီနှင့် YBPC ကုမ္ပဏီတို့တွင် ထည့်သွင်းပြေးဆွဲရာတွင် ယာဉ်စီးရေ ၂၀၀ ခန့်သာ ကျန်ရှိပြီး လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီနှင့် Omni Focus ကုမ္ပဏီတို့က တရုတ်နိုင်ငံထုတ် Foton ယာဉ်သစ် ၁၀၀၀ စီးခန့် ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ယာဉ်တွေက အဆင်သင့်ရှိနေပြီးသားပါ။ မကြာခင်ရက်ပိုင်းအတွင်းမှာ ယာဉ်လိုင်းထဲ ရောက်မှာပါ။ အစိုးရယာဉ်တွေက ဝယ်ထားတဲ့ ၁၀၀၀ က ထည့်ထားတာ ယာဉ်နည်းနည်းပဲ ကျန်တော့တာပါ။ ကျန်တာ ကုမ္ပဏီပိုင်ယာဉ်တွေပါ”ဟု YRTA အဖွဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ YBS ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲနေသည့် အများပိုင်ယာဉ်လိုင်းကုမ္ပဏီ (Bus Operator) ၂၂ ခုရှိပြီး ယာဉ်အစီးရေ ၅၃၀၀ စီးကျော်ရှိရာ ယာဉ်အသစ်များ ထည့်သွင်းပြေးဆွဲပြီးပါက ယာဉ် ၆၀၀၀ စီးကျော် YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

“ယာဉ်လိုင်းအသစ်တွေ ခွင့်ပြုချက်ချပေးထားတာလည်းရှိသလို ယာဉ်အို/ ဟောင်း အပ်ထားတဲ့နေရာတွေမှာလည်း အစားထိုးထည့်သွင်းမှာ ဖြစ်တယ်။ ပုဂ္ဂလိကပိုင် ဝယ်ယူထားတဲ့ယာဉ်တွေက အစိုးရအစီအစဉ်နဲ့ ပြေးရမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံထုတ် ယာဉ်သစ် ၅၀၀ စီးဖြင့် ယာဉ်လိုင်းအသစ် ကိုးလိုင်းလျှောက်ထားရာ YBS ၇၈၊ ၉၃ ယာဉ်လိုင်းနှစ်လိုင်း ခွင့်ပြုချက်ရရှိကာ ဖေဖော်ဝါရီလ ၁၈ ရက်တွင် YBS ၇၈ ယာဉ်လိုင်းကို ကနဦးပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လူထုမိတ်ဆွေ အများပိုင်ယာဉ်လိုင်း ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးတရုတ်လေးက ပြောကြားသည်။

ယာဉ်အစီးရေ ၅၃၀၀ စီးကျော်တွင် Brand New ယာဉ်အသစ်ပါဝင်မှုမှာ ၂၀ ရာခိုင်နှုန်း၊ ယခင် စီးတီးဘတ်စ်ယာဉ်မှာ ၆၀ ရာခိုင်နှုန်း၊ မီနီဘတ်စ်ယာဉ်မှာ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း YRTA ထံမှ သိရသည်။

J-06