News

POST TYPE

NEWS

၂ဝဝ ကျပ်တန် ထီအက္ခရာ လျှော့ထုတ်မည်
11-Sep-2016 tagged as ထီလက်မှတ်


ရန်ကုန်၊ စက်တင်ဘာ ၁၁

ကျပ် ၅ဝဝ တန် ထီထွက်ရှိမည့် ၂ဝ၁၇ ခုနှစ် မတ်လတွင် ၂ဝဝ ကျပ်တန် ထီများကို အက္ခရာ သုံးလုံး အထိသာ ထုတ်တော့မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆု ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောကြားသည်။

လက်ရှိတွင် ၂ဝဝ ကျပ်တန် ထီကို အက္ခရာ အလုံး ၄ဝ ထုတ်ကာ ရောင်းချနေခြင်းဖြစ်ပြီး ဆုကြေး နည်းသည့် ကျပ် ၂ဝဝ တန် ထီထက် ဆုကြေးများသည့် ကျပ် ၅ဝဝ တန်ထီကို စိတ်ဝင်စားမှု ပိုများမည်ဟု ယူဆသောကြောင့် ယင်းကဲ့သို့ လျှော့ထုတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“မတ်၊ ဧပြီ၊ မေမှာ ၂ဝဝ ကျပ်တန် ထီတွေကို လျှော့ထုတ်ပြီးရင် နောက်ပိုင်းမှာ ကျပ် ၅ဝဝ တန် ထီတွေကိုပဲ ထုတ်သွားမယ်လို့ ရည်ရွယ်ထားတယ်။ ၂ဝဝ တန် ထီတွေကို ဖျက်သိမ်း သွားဖို့အထိ ရှိတယ်”ဟု ၎င်းက ဆိုသည်။

၂ဝဝ ကျပ်တန် ထီမှာ အုပ်ရေ တစ်အုပ် ရောင်းချလျှင် ကျပ် ၂ဝဝ သာ မြတ်သောကြောင့် ပြင်ပ ဈေးကွက်အတွင်း ဈေးပိုရောင်းချမှုများ ရှိနေခြင်းဖြစ်ပြီး အသစ် ထွက်မည့် ကျပ် ၅ဝဝ တန်ထီမှာ တစ်အုပ် ရောင်းရလျှင် ကျပ် ၅ဝဝ မြတ်သောကြောင့် ဈေးအများကြီး တက်ခြင်းမှာ မဖြစ်နိုင်ကြောင်း၊ ဈေးပိုရောင်းချပါက အရေးယူရန်မှာမူ အောင်ဘာလေထီ ဥပဒေထွက်မှသာ အရေးယူနိုင်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲထံမှ သိရသည်။

ထီ တစ်စောင် ကျပ် ၅ဝဝ မှာ အခြေခံ လူတန်းစားများ ထိုးနိုင်ရန် ခက်ခဲသည့် ဈေးနှုန်း ဖြစ်ပြီး ပြင်ပတွင် ကျပ် ၅ဝဝ ထက် ပိုရောင်းပါက ထီထိုးမည့်သူများ စိတ်ဝင်စားမှု ပိုနည်းနိုင်သောကြောင့် ကျပ် ၂ဝဝ တန်ထီနှင့် ကျပ် ၅ဝဝ တန်ထီကို ပူးတွဲ ထုတ်သင့်ကြောင်း၊ ထီထွက်သည့် အချိန်ကိုလည်း လလယ်နှင့် လကုန် ဟူ၍ နှစ်မျိုး ထားရှိသင့်ကြောင်း ထီလုပ်ငန်းရှင် ဦးမြင့်သောင်းက ပြောဆိုသည်။

၂ဝ၁၇ ခုနှစ် မတ်လတွင် အမြင့်ဆုံး ဆုကြေး ကျပ်သိန်း တစ်သောင်းပေးမည့် ကျပ် ၅ဝဝ တန်ထီကို ရောင်းချမည်ဖြစ်သည်။