News

POST TYPE

NEWS

ဘဏ္ဍာငွေ အလွဲသုံးစားလုပ်ပါက မည်သူ့ကိုမဆို အရေးယူရန် ဦးဝင်းမြင့်ပြောကြား
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်နေခြင်းများရှိသောကြောင့် တိုင်ကြားမှုများ၊ စစ်ဆေးမှုများ ပြုလုပ်၍ အရေးယူပေးရန်နှင့် မည်သူ့ကိုမဆို အရေးယူရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်သည်။ 

“ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်တာ အဲ့ဒီလုပ်တဲ့လူတွေ ဘယ်သူပါသွားသွား၊ လုပ်ပြလိုက်စေချင်တယ်”ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး တင်သွင်းသည့် “ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရဌာန အဖွဲ့အစည်းများအနေနှင့် တင်ဒါများအား ခေါ်ယူဆောင်ရွက်ရာတွင် လုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်းများ၏ သယ်ယူပို့ဆောင်ခ စရိတ်များနှင့် နည်းပညာအရ ဝန်ကြီးဌာနမှ လုပ်ဆောင်ရန်မလိုသော လုပ်ငန်းတစ်ခုလုံးအပြီး ဆောင်ရွက်ရသည့်လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကန်ထရိုက်ရတင်ဒါ အောင်မြင်သူတစ်ဦးကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေခြင်း၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့် ကွဲလွဲစွာ ဆောင်ရွက်နေခြင်းတို့ကို ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံး လိုက်နာဆောင်ရွက်ရန်နှင့် တင်ဒါပေးရာ တွင်ဒေသနှင့်ကိုက်ညီသော ပြီးပြည့်စုံသည့် လုပ်ငန်းပုံစံ (Drawing) များနှင့် တွက်ချက်မှု (Estimate) များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှသာ တာဝန်ယူ ဆောင်ရွက်ပေးပြီး ဈေးနှုန်း (Rate)များကို တင်ဒါဆွဲမည့် ကုမ္ပဏီများကို ထည့်သွင်း ရေးဆွဲစေခြင်းဖြင့် မျှတစွာ ယှဉ်ပြိုင်မှုကို ဖော်ဆောင်ပေးရန်” အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးခြင်း၊ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လွင်တို့ ဆွေးနွေးဖြေကြားမှု အပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်ပြောချင်တာက ကိုယ်စားလှယ်တွေအနေနဲ့ကလည်း ဒီလို အဆိုကောင်းတစ်ခု ပေါ်လာမှ ဆွေးနွေးမယ့်အစား အဲ့ဒီလိုဖြစ်ပျက်နေတာ။ ကိုယ့်မဲဆန္ဒနယ်မှာ ကိုယ့်ဒေသမှာ ဖြစ်ပျက်နေတာ။ အချက်အလက် အထောက်အထားလေးတွေနဲ့ တိတိကျကျ ဖော်ထုတ်စေချင်တယ်။ တိတိကျကျ လုပ်စေချင်တယ်။ အဲဒီတော့ ၂၀၂၀ မှာ ဥပဒေပေါ်မှာတွေ၊ ဘော်ဒီပေါ်မှာတွေ ဘေးဖယ်ထား။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေက ၂၀၂၀ ထိ အချိန်မယူနဲ့ ၂၀၂၀ မတိုင်မီ ကျွန်တော်တို့ လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်စေချင်တယ်”ဟု ၎င်းက ပြောသည်။

ယင်းကိစ္စများကို တိတိကျကျ မှန်မှန်ကန်ကန် လုပ်ဆောင်ရန် လိုအပ်သောကြောင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ဖြစ်သော တင်ဒါ စည်းမျဉ်း၊ စည်းကမ်းတို့ကို လိုက်နာလုပ်ဆောင်ပေးရန် မေတ္တာရပ်ခံလိုကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အထက်ပါအဆိုကို အတည်ပြုရန်အဆိုတင်သွင်းသူက ပြောကြားပြီး ဒုဝန်ကြီးက မှတ်တမ်းတင်ရန် တင်ပြသောကြောင့် မဲခွဲရာတွင် အတည်ပြုရန် ၁၀၁ မဲ၊ မှတ်တမ်းအဖြစ်ထားရန် ၂၅၄ မဲ၊ ကြားနေဆန္ဒမဲပေါင်း ၈ မဲ ဖြစ်၍ မှတ်တမ်းအဖြစ် ထားရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

S-01