News

POST TYPE

NEWS

သက်သေအဖြစ် အစစ်ခံသော ဒုရဲအုပ်က ရဲလက်စွဲ၊ လုပ်ထုံးလုပ်နည်းဥပဒေ မသိကြောင်း ထွက်ဆို
14-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ 

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံရသည့် ရိုက်တာ သတင်းထောက်နှစ်ဦး၏ ရုံးချိန်းတွင် ဒုရဲအုပ် မျိုးကိုကိုက သတင်းထောက်နှစ်ဦးကိုဖမ်းဆီးစဉ်က ရှာဖွေပုံစံများ၊ မှတ်တမ်းများကို ရဲလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိ ပြန်လှန်စစ်မေးရာတွင် မသိရှိခဲ့ဟုသာ ထွက်ဆိုခဲ့ကြောင်း သတင်းထောက် နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြုလုပ်သည့် ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် စတုတ္ထမြောက် တရားလိုပြသက်သေ ဒုရဲအုပ် မျိုးကိုကိုကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ကိုဝလုံးတို့နှစ်ယောက်ဖမ်းတုန်းက ဒုရဲအုပ် မျိုးကိုကိုက ဖမ်းဆီးခဲ့တယ်ပြောတယ် ရှာဖွေပုံစံမှာ သူပါတယ် ပြောတယ်။ ဒါပေမဲ့ ကိုဝလုံးတို့က ဒီရဲကို မမြင်ဖူးဘူးလို့ ပြောတယ်။ ရဲဝတ်စုံနဲ့ ဖမ်းတယ်ပြောတယ်။ အမှန်က အရပ်ဝတ်နဲ့ လူတစ်စုက ဖမ်းတယ်လို့ ကိုဝလုံးက ပြောတယ်။ အဲဒါကြောင့် သတင်းထောက်တွေ ဖမ်းတုန်းက ရဲမှတ်တမ်းတွေကို ရဲလုပ်ထုံး၊ လုပ်နည်း၊ ရဲလက်စွဲ ဥပဒေကို သိလားလို့မေးတော့ မသိဘူးသာ ဖြေတယ်”ဟု ၎င်းကရှင်းပြသည်။

ယင်းအပြင် တရားလိုပြသက်သေ ဒုရဲအုပ် မျိုးကိုကိုကို စစ်ဆေးမေးမြန်းရာတွင် သတင်းထောက်နှစ်ယောက် ဖမ်းဆီးစဉ်က မှတ်တမ်း၊ မှတ်ရာထားရမည်ကို သိရှိသလားဆိုသည့် မေးခွန်းအပေါ်တွင်လည်း မသိကြောင်းသာ ဖြေကြားခဲ့ကြောင်း သတင်းထောက် နှစ်ယောက်၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

“သူ အထက်ကအရာရှိ သုံးယောက် ထွက်ဆိုတဲ့အတိုင်းပဲ သူ ထွက်ဆိုတယ်။ ကိုဝလုံးတို့ကိုဖမ်းမိစဉ်က ယာဉ်စစ်ဆေးချိန်မှာ ကိုဝလုံးတို့ နှစ်ယောက်က လမ်းလျှောက်လာတယ်။ မသင်္ကာလို့ စစ်လိုက်ချိန်မှာ သူတို့လက်ထဲမှာ လျှို့ဝှက်ချက် စာရွက်စာတမ်းတွေ တွေ့တယ်။ အဲဒါပဲ ထွက်ဆိုသွားတယ်။ ပြန်လှန်စစ်မေးတယ်။ သူက ကိစ္စတော်တော် များများကို မသိဘူးဘဲ ငြင်းသွားတယ်။ ဦးသန်းဇော်အောင်က မေးတယ်။ ရဲကျင့်ဝတ်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို မေးမြန်းရာတွင် မသိဘူးလို့ပဲဖြေတယ်။ ထူးခြားတယ်”ဟု ၎င်းကဆိုသည်။

တရားလိုပြသက်သေ ဒုရဲအုပ် မျိုးကိုကို မပါဝင်ခဲ့ကြောင်း ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုကျော်စိုးဦးက ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောကြားခဲ့သကဲ့သို့ သတင်းထောက် ကိုဝလုံးကလည်း သတင်းများကို မီဒီယာ ကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ခဲ့သည့်အတွက် အပြည့်အဝ ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။ နောက်ထပ်ရုံးချိန်းကို ဖေဖော်ဝါရီလ ၂၁ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့သည်။

ဖမ်းဆီးခံရသည့် ရိုက်တာသတင်းထောက် သက်ဦးမောင် (ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုးအောင် အပါအဝင် ရဲဝန်ထမ်း နှစ်ဦးတို့ကို ဒီဇင်ဘာ ၁၂ ရက် ညက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်သည့် စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟူ၍ ထောက်ကြန့် နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အရေးယူထားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ရိုက်တာ သတင်းထောက်နှစ်ဦး အမှုရုံးချိန်းကို ဖော်ပြရာတွင် တရားလိုဖြစ်သူ ဒုတိယရဲမှူးကြီးယုနိုင်၏ တရားရုံးတွင် ထွက်ဆိုချက်အတိုင်း ရေးသားဖော်ပြခြင်းမရှိဘဲ သတင်းရေးသားသူ၏ ထင်မြင်ချက်၊ အာဘော်အတိုင်း ရေးသားထားသည်ဟုဆိုကာ 7 Day ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီထံ ဖေဖော်ဝါရီ ၉ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားစာ ပေးပို့ထားသည်။

J-18