News

POST TYPE

NEWS

၂၁ ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေး ရွှေ့ဆိုင်း
14-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလအတွင်း ကျင်းပမည်ဟုဆိုထားသော်လည်း ခန့်မှန်းကာလတွင် မကျင်းပနိုင်ဘဲ ရွှေ့ဆိုင်းလိုက်သည်။

မွန်နှင့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီးစီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် လက်ရှိတွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သောကြောင့် ညီလာခံမတိုင်မီ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးအတွက် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ သဘောတူထားသည်။

မွန်ပြည်သစ်ပါတီက ညီလာခံတွင် ပါဝင်နိုင်ရေးအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး အချိန်လုံလောက်စွာပေးရန် တောင်းဆိုထားပြီး ဆွေးနွေးပွဲ ကျင်းပပြီးနောက် နိုင်ငံရေးစာတမ်း တင်နိုင်ရန်လည်း အချိန်ပေးရန် လိုအပ်နေသေးကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် တစ်ဖက်တွင်လည်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့နှင့်လည်း ရှမ်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြေလည်မှုရရန် ညှိနှိုင်းနေပြီး အဆိုပါ ဆွေးနွေးပွဲများ ကျင်းပပြီးစီးပါက ညီလာခံ အစည်းအဝေးများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မူလက ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၁၇ ဒီဇင်ဘာလကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ရှမ်းအမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမှုနှင့် ပတ်သက်၍ ပြေလည်မှု မရရှိခဲ့သောကြောင့် ညီလာခံကို ဖေဖော်ဝါရီလအတွင်းသို့ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။

“၂၁ ပင်လုံရဲ့ တတိယအကြိမ် အစည်းအဝေးကို ပထမဒီဇင်ဘာ နောက်ဆုံးပတ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။ ချပြီးတော့ RCSS ရဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စနဲ့ ပတ်သက်ပြီး ပြေလည်မှု မရတဲ့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြေလည်တဲ့အချိန်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်မယ်လို့ ကြေညာချက်ထုတ်တယ်။ ထုတ်ထားတဲ့အတွက် ကျွန်တော်တို့ကြားထဲမှာ ညှိနှိုင်းနေတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါအဖွဲ့များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ နယ်/ လုံ ဝန်ကြီးများ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီများမှ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊ တာဝန်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးနေကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရှမ်းပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့်ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ သဘောထား ကွဲလွဲခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့ကလည်း အဆိုပါဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်သည်။

ယင်းနောက်တွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးသည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ရက်ရွှေ့ပေးရန် တောင်းဆိုခဲ့သည်။

NCA စာချုပ်ကို မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး နှစ်ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြသော်လည်း လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတွင် ထိန်းချုပ်ဧရိယာ မရှိသောကြောင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပခွင့်ရရှိမည် မဟုတ်ပေ။

လက်ရှိတွင် NCA စာချုပ်ကို မွန် ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမို ကရက်တစ် အစည်းအရုံး (LDU) ၊ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-  PC) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) စသည့် တိုင်းရင်းသား လက်နက်ကိုင် ဆယ်ဖွဲ့က လက်မှတ်ရေးထိုးထားသည်။

J-08