News

POST TYPE

NEWS

လှိုင်သာယာရှိ အထည်ချုပ်စက်ရုံမှ နေ့စားဝန်ထမ်းနှင့် ဆန္ဒပြဝန်ထမ်းများ အပြန်အလှန် ရိုက်နှက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

လှိုင်သာယာစက်မှုဇုန် ၁ ဒေါ်ဖွားရှင် လမ်းရှိ One Of Front Garment အမျိုးသမီးဝတ် ဂါဝန်ချုပ်စက်ရုံတွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၇ နာရီခန့်က ဆန္ဒပြနေသည့် အလုပ်သမား ၇၀ နှင့် နေ့စား ခေါ်ယူထားသည့် ဝန်ထမ်း ၁၀၀ကျော်တို့ အပြန်အလှန် ရိုက်နှက် မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် စက်ရုံလုပ်သားများထံမှ သိရသည်။

“အလုပ်သမား အယောက် ၁၅၀ နီးပါးက အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ ဆန္ဒပြနေတာ ၁၀ ရက်ကျော်ပြီ။ သူတို့နဲ့ စက်ရုံပိုင်ရှင် နှစ်ဦးနှစ်ဖက်ပြေလည်မှုမရ သေးချိန်မှာ နေ့စားအလုပ်သမားကို ထပ်ခေါ်မယ်ဆိုတာကြောင့် အလုပ်သမားတွေ အချင်းချင်း အမြင်မတူ သဘောထားကွဲလွဲပြီး စကားများ ခိုက်ရန်ဖြစ်တာလို့ ကနဦး စုံစမ်းစစ်ဆေးချက်အရသိရတယ်။ ဒဏ်ရာ ရတဲ့အမျိုးသမီးနှစ်ယောက်က လှိုင်သာယာ ဆေးရုံမှာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူထားပြီး နောက်ထပ်ခိုက်ရန်မဖြစ်အောင် လုံခြုံရေးတွေ ဆောင်ရွက်ပေးထားပါတယ်”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

One Of Front Garment အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၃၀၀ ဦးရေနီးပါးခန့်ရှိပြီး အထည်ထုတ်လုပ်မှု စံချိန်လုပ်အားနှင့် မမျှတသော ကုန်ထုတ်လုပ်မှုကို အတင်းအကျပ်စေခိုင်းခြင်းမပြုရန်၊ စက်ရုံ အလုပ်သမား ခေါင်းဆောင်တစ်ဦး အလုပ်ထုတ်သည့်အပေါ် ပြန်လည် ခန့်ထားပေးရန် အပါအဝင် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခြင်း မပြုရန်နှင့် တောင်းဆိုချက် ၁၃ ချက်ကို ဆန္ဒထုတ်ဖော် တောင်းဆိုလျက်ရှိသည့် ဆန္ဒပြစက်ရုံ ဝန်ထမ်းများကို ထုတ်ပယ်၍ နေ့စားဝန်ထမ်းများကို ခေါ်ယူအသုံးပြုရာမှ အချင်းများမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ တောင်းဆိုနေတဲ့အချိန်မှာ ဒီနေ့စားသမားတွေကို စက်ရုံက ခေါ် အလုပ်ခိုင်းနေတာ။ ကျွန်မတို့ တောင်းဆိုတာ အလကား ဖြစ်သွားမှာပေါ့။ အဲဒါကြောင့် စက်ရုံထဲ နေ့စားသမား ပေးမဝင်ဘူး။ အဲဒီအချိန်မှ နေ့စားသမားတစ်ယောက်က ထမင်းချိုင့်ထဲမှာ ထမင်းမပါဘူး။ ခဲလုံးတွေ ထည့်ထားပြီး ထမင်းချိုင့်နဲ့ ကျွန်မ သူငယ်ချင်းခေါင်းကို ရိုက်တာ ခေါင်းကွဲ သွားတယ်”ဟု မမေသဇင်ဖြိုးကဆိုသည်။

အပြန်အလှန် ရိုက်နှက်မှုဖြစ်ပွားခဲ့သည်အတွက် အလုပ်သမားတစ်ဦး ခေါင်းကွဲခြင်း၊ မူးမေ့လဲသူနှစ်ဦး ထိခိုက်ခဲ့ပြီး နေ့စားဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် အမျိုးသမီးလေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၃၂၃/၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း လှိုင်သာယာ ရဲတပ်ဖွဲ့ထံမှ သိရသည်။

စက်ရုံတွင် ဖေဖော်ဝါရီလ ၁ ရက်က အလုပ်သမားခေါင်းဆောင် ရွေးချယ်ခဲ့ရာတွင် ကိုသန့်ဇင်စိုးကိုသာ မဲပေးခဲ့ရာမှ ပိုင်ရှင်က ၎င်းကိုထုတ်ပယ်ခဲ့ခြင်းကြောင့် ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် အလုပ်သမား အောင်ဆန်းသူက ပြောကြားသည်။

“ကျွန်တော်တို့ အလုပ်သမားခေါင်းဆောင်ကို အလုပ်ပြန်ခန့်ဖို့ညှိနှိုင်းတာ ပြေလည်မှု မရသေးဘူး။ ညှိတာ ၇ ချက်က ပြေလည်မှုရတယ်။ ကျန်အချက်တွေကို ထပ်ညှိရဦးမယ်”ဟု ၎င်းကပြောကြားသည်။

ထို့အပြင် အလုပ်သမားများ ဆန္ဒဖော်ထုတ်စဉ် ဖေဖော်ဝါရီလ ၁၂  ရက်က လူသုံးဦးက ဓားဖြင့်ဝင်ခုတ်သဖြင့် လက်နက်ကိုင်ဆောင်မှုပုဒ်မ ၁၉ (ဂ)ဖြင့် လှိုင်သာယာ ရဲစခန်းက ဖမ်းဆီးအမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ လှိုင်သာယာမြို့နယ် ချည်မျှင်နှင့် အထည်လိပ် အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ကိုအောင်သူရက ပြောကြားသည်။

“အလုပ်သမားတွေ ဆန္ဒပြတာကို ဓားနဲ့ဝင်ခုတ်တဲ့သူတွေက မိထားပြီး အမှုဖွင့်ထားတယ်။ ဘယ်သူခိုင်းသလဲတော့ အမှုစစ်မှာပေါ့။ စက်ရုံဘက်က အလုပ်သမား ခေါင်းဆောင်ကို လုံးဝ အလုပ်ပြန်မခန့်ဘူး။ အဲဒီအချက်ကိုညှိဖို့ ခုံသမာဓိ ကောင်စီကို တက်ရမယ်”ဟု ၎င်းကဆိုသည်။

စက်ရုံမှ အလုပ်ထုတ်လိုက်သည့် အလုပ်သမား ပြန်လည် အလုပ်ခန့်အပ်ခြင်းကို ခုံသမာဓိ အဆုံးအဖြတ်တိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါစက်ရုံ မန်နေဂျာဦးခင်ရွှေက ပြောကြားသည်။

“အလုပ်သမား ခပ်ဆိုးဆိုးတစ်ယောက်ကို အလုပ် ထုတ်လိုက်တာကနေ ဆန္ဒပြကြတာပါ။ ရိုက်နှက်မှုဖြစ်ပွားတာက အခြား အလုပ်သမားတွေကို စည်းရုံးတာမရလို့ ရိုက်နှက်မှု ဖြစ်ပွားတာပါ။ ကျွန်တော်တို့ဘက်ကတော့ လူငှားပြီး ဓားနဲ့ခုတ်တယ်ဆိုတာက သက်သက် သတင်းဖြန့်နေတာပါ”ဟု ၎င်းကဆိုသည်။

ယင်းစက်ရုံသည် ၂၀၁၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်သည်။

S- 03 /J-18