News

POST TYPE

NEWS

အမေရိကန်နှင့်အီဂျစ် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ကတိကဝတ်ခိုင်မာရန် ရည်မှန်း


ကိုင်ရို၊ ဖေဖော်ဝါရီ ၁၃

အမေရိကန် ဒုသမ္မတမိုက်ပင့်စ်၏ ကိုင်ရိုခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က အမေရိကန်နှင့် အီဂျစ်အကြား အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အကျိုးတူ ကတိကဝတ်ပြုမှုကို ခိုင်မာစေရန် ရည်မှန်းထားသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်း ငါးနိုင်ငံခရီးစဉ်ကို စတင်ရန် ကိုင်ရိုသို့ ရောက်ရှိနေသော တေလာဆန်သည် ဖေဖော်ဝါရီ ၁၁ မှ ၁၆ အထိ ဂျော်ဒန်၊ တူရကီ၊ လက်ဘနွန်၊ ကူဝိတ် နိုင်ငံများသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် အီဂျစ်သမ္မတ အယ်လ်ဆစ်စီ၊ နိုင်ငံခြားရေးဝန်ကြီး ဆာမက်ရှိုကရိုင်းတို့နှင့် တွေ့ဆုံကာ လစ်ဗျား၊ ဆီးရီးယား၊ အစ္စရေး - ပါလက်စတိုင်း စသော ဒေသတွင်းလုံခြုံရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်သည်။

အီဂျစ်နိုင်ငံသည် အကြမ်းဖက်ဝါဒနှိမ်နင်းသည့် စစ်ဆင်ရေးအဖြစ် ဆိုင်းနိုင်းကျွန်းဆွယ်တွင် စစ်သွေးကြွများကို အကြီးစား ထိုးစစ်ဆင်နွှဲလျက်ရှိသည်။

တူရကီသို့ရောက်လျှင် ဖမ်းဆီးခံ အမေရိကန်များအား လွှတ်ပေးရန် အန်ကာရာအစိုးရကို ဖိအားပေးမည်ဖြစ်ပြီး ဆီးရီးယားအနောက်ပိုင်းဒေသ စစ်ဆင်ရေးများတွင် သည်းခံမှုကို ပြသရန် တေလာဆန်က တိုက်တွန်းမည်ဟု အမေရိကန် အကြီးတန်းအရာရှိများ၏အဆိုအရ သိရှိရသည်။

“ဒီလိုအချိန်မှာ ထိတွေ့ဆက်ဆံမှုက အရေးကြီးဆုံးဖြစ်ပါတယ်။ ခက်ခဲတဲ့ဆွေးနွေးမှုတွေ ဖြစ်နိုင်စရာရှိပါတယ်”ဟု အမည်မဖော်လိုသူ အရာရှိက မှတ်ချက်ပေးသည်။

ဝါရှင်တန်နှင့် အန်ကာရာအကြားတင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် ထွက်ပေါ်လာသည့် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် အကျပ်တွေ့ဖွယ်ရှိသည်ဟု သုံးသပ်သော ၎င်းအရာရှိက “ကြည့်လေ။ အခြေအနေက သိပ်ကို ပူပြင်းနေတယ်။ တူရကီတွေက စိတ်ဆိုးနေကြတယ်။ အင်မတန် အခက်တွေ့ရမယ့်အချိန်ပါပဲ။ ဒါပေမဲ့ အခြေခံကျကျ အကျိုးတူကိစ္စရပ်တွေ ရှိနေတယ်လို့ ကျွန်တော်တို့ ယုံကြည်နေတယ်”ဟု ပြောကြားသည်။

ဂျော်ဒန်နိုင်ငံ အမ္မာန်တွင်မူ တေလာဆန်သည် ဂျော်ဒန်ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံကာ ဆီးရီးယားပြဿနာ ဖြေရှင်းရေး၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စတွင် ဂျော်ဒန်နိုင်ငံက ထောက်ခံအားပေးရေးစသော ဒေသတွင်းလုံခြုံရေးကိစ္စများကို ဆွေးနွေးကာ နှစ်နိုင်ငံ အပြန်အလှန် ကူညီရေး နားလည်မှုစာချွန်လွှာကို အပြီးသတ်ညှိနှိုင်းမည်ဖြစ်သည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်သို့ ရောက်ရှိလျှင် လက်ဘနွန်သမ္မတ မိုက်ကယ်အွန်း၊ ဝန်ကြီးချုပ်ဟာရီရီ၊ လွှတ်တော်ဥက္ကဋ္ဌ နာဘစ်ဘာရီတို့နှင့် တွေ့ဆုံပြီး လက်ဘနွန် ပြည်သူများနှင့် လက်ဘနွန် လက်နက်ကိုင်တပ်ဖွဲ့များကို အမေရိကန်က ကူညီပံ့ပိုးမည့်ကိစ္စကို တေလာဆန်က ဆွေးနွေးမည်ဟု သိရှိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် ကူဝိတ်တွင် ကျင်းပမည့် IS အဖွဲ့နှိမ်နင်းရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ ၇၄ နိုင်ငံ၏ အစည်းအဝေးကိုလည်း တက်ရောက်ရန် စီစဉ်ထားသည်။ ဆီးရီးယားနှင့် အီရတ်တွင် IS အဖွဲ့ကို အနိုင်ရရှိပြီးနောက် ပထမဆုံးကျင်းပမည့် အီရတ် ပြန်လည်တည်ဆောက်ရေး ညီလာခံကိုလည်း တေလာဆန် ပါဝင်တက်ရောက်မည်ဖြစ်ပြီး သုံးရက်ကြာမည့် ညီလာခံတွင် နိုင်ငံတကာ အထောက်အပံ့ပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေးကြမည်ဖြစ်သည်။ 

F-04