News

POST TYPE

NEWS

ဆန္ဒထုတ်ဖော်နေသည့် အထည်ချုပ်စက်ရုံ ဝန်ထမ်းများအား ဆဲဆိုခြိမ်းခြောက်သူ သုံးဦးကို ဖမ်းမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ 

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၁)၊ ဒေါ်ဖွားရှင်လမ်းပေါ်ရှိ One of Front  အထည်ချုပ်စက်ရုံရှေ့တွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီခွဲခန့်က ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများကို ငှက်ကြီးတောင်ဓား ယူဆောင်လာကာ ဆဲဆိုခြိမ်းခြောက်သူ အမျိုးသားသုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရသည်။ 

ငှက်ကြီးတောင်ဓား ယူဆောင်လာပြီး ဆဲဆိုခြိမ်းခြောက်သည်ဟုဆိုသော အမျိုးသားသုံးဦးမှာ ယင်းမြို့နယ်၊ ညောင်ကျေးရွာအုပ်စု၊ ဒိုင်စုကျေးရွာတွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် ဖြိုးမင်းသူ (ခ) ဂွတို ၊ အသက် ၁၈ နှစ်အရွယ် အောင်မျိုးဇော်နှင့် အသက် ၁၈ နှစ်အရွယ် သူရတို့ဖြစ်ပြီး ယင်းနေ့က ၉ ရက်မြောက် ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမား ၇၀ ဦးခန့်ရှိရာ စက်ရုံရှေ့သို့ သွားရောက်ပြီး ဖြိုးမင်းသူ (ခ) ဂွတိုက “ဟိုနေ့က ငါ့အစ်ကို ဆိုင်ကယ်ဖြတ်မမောင်းရဘူးလို့ ပြောတာဘယ်ကောင်လဲ”ဟု ဆဲဆိုခြိမ်းခြောက်ကာ ပြန်လည်ထွက်သွားရာက ရှာဖွေဖမ်းဆီးပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်ပေါ်မှာ ဓားရှည်ပါလာတယ်ဆိုပြီး သတင်းသိရတာ။ အဲဒါကြောင့် ရဲတပ်ဖွဲ့ကနေ လိုက်လံရှာဖမ်းပြီး အရေးယူခဲ့တာပါ။ ဓားပါလာတာမှန်ပေမယ့် လမ်းပေါ်မှာ မမိခဲ့ဘူး။ အိမ်မှာပဲ တွေ့ခဲ့တာ။ အဲဒါကြောင့် သူတို့သုံးယောက်ကို ခြေချုပ်ခံဝန်နဲ့ပဲ အမှုဖွင့်ထားတယ်။ ဆဲဆိုခြိမ်းခြောက်ခံရတဲ့ သူတွေထဲက တစ်ဦးဦး အမှုလာဖွင့်ရင်တော့ ထပ်ဖွင့်ပေးရမှာပေါ့။ ဒါပေမဲ့ ဒီနေ့ထိတော့ လာမဖွင့်သေးဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယင်းအထည်ချုပ်စက်ရုံတွင် အလုပ်သမားအမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၂၅၁ ဦးတို့က အလုပ်လုပ်ကိုင်လျက်ရှိပြီး အထည်ထုတ်လုပ်မှု စံချိန်လုပ်အားနှင့် မမျှတသော ကုန်ထုတ်လုပ်မှုကို အတင်းအကျပ်စေခိုင်းခြင်း မပြုရန်၊ စက်ရုံအလုပ်သမားတစ်ဦးအား အလုပ်ထုတ်သည့်အပေါ် ပြန်လည်ခန့်ထားပေးရန်၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခြင်းမပြုရန်၊ နိုင်ငံခြားသား ပညာရှင်များက မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်သည့် အပြုအမူ အပြောအဆို ရိုင်းစိုင်းခြင်းများ မပြုလုပ်ရန်၊ အလုပ်သမားများအား နိုင်ငံခြားသားများက တိုက်ရိုက်အုပ်ချုပ်ခြင်း မပြုလုပ်ရန်၊ နေမကောင်းဖြစ်ပါက ဆေးခန်းကို လိုင်းခေါင်းဆောင်၏ လက်မှတ်မယူရဘဲ သွားရောက်ပြသခွင့်ပြုရန် စသည့်အချက်များကို အလုပ်သမား ၁၄၀ ကျော်က အလုပ်ဆင်းခြင်းမရှိဘဲ စက်ရုံရှေ့လမ်းမဘေးတွင် စုဝေးထိုင်ကာ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

J-16