News

POST TYPE

NEWS

မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှုမှ ဖမ်းဆီးထားသူများကို အင်းစိန်ထောင်ပို့


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုမှ ပူးပေါင်းပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသော ဦးကျော်မြင့်အပါအဝင် မိသားစုဝင်လေးဦးကို ရဲလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန် ကျန်ရှိနေသည်ဟုဆိုကာ မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်က ချုပ်ရမန်ယူပြီး အင်းစိန်ထောင် ပို့ဆောင်လိုက်သည်။

ချုပ်ရမန်ယူပြီး အင်းစိန်ထောင်ပို့ ဆောင်ခဲ့သူများမှာ တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (ခ) ခိုင်ကျော်၊ ၎င်း၏ဇနီး ဒေါ်ကြည်ကြည်ဝင်း၊ သားဖြစ်သူ မင်းသန်းထိုက်နှင့် ချွေးမဖြစ်သူ မခိုင်ဇာလှိုင်တို့ ဖြစ်သည်။ ယနေ့ရုံးထုတ်ရာတွင် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က မြို့နယ်တရားရုံးသို့ ခေါ်ဆောင်လာပြီး ရမန်ယူရာ မရမ်းကုန်းမြို့နယ် တွဲဖက်တရားသူကြီး (၃) က ရမန်နှင့်ပတ်သက်၍ ရှင်းပြကာ လိုအပ်ချက် ရှိ၊ မရှိ မေးမြန်းပြီး ဖေဖော်ဝါရီလ ၂၇ ရက်ထိ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

“အရင်အကြိမ်တွေက ယူတဲ့ရမန်က ခရီးသွားရမန်ပါ။ အခုယူတာက ချုပ်ရမန်ယူလိုက်တာ။ အင်းစိန်ထောင်မှာထားပြီး စစ်ဆေးနိုင်ဖို့ တရားရုံးက ခွင့်ပြုလိုက်တယ်”ဟု ရုံးထုတ်ရာတွင် ပါဝင်သော ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

၎င်းတို့မိသားစုဝင်လေးဦးကို မရမ်းကုန်းမြို့နယ်နှင့် သန်လျင်မြို့နယ်များတွင် ဇန်နဝါရီလ ၃၁ ရက်နေ့က ဖမ်းမိချိန်၌ မော်တော်ယာဉ်နှစ်စီး၊ ငွေကျပ် သိန်း ၈၅၀ ကျော်၊ ၉ မမ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ၉ မမ ကျည် ၉ တောင့်၊ ငွေကျပ် သိန်း ၅၈၀၀ ကျော် ထည့်ထားသည့် ဘဏ်ငွေစုစာအုပ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူနိုင်ရန် စီစဉ်နေကြောင်း၊ ဖမ်းဆီးခံရသူ တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်းဦးကျော်မြင့်မှာ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA (Arakan Army) အဖွဲ့က ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ်မှ ဘူးသီးတောင် သို့ WY စိတ်ကြွဆေးပြား ၄၄ သန်းကို ကိုးကြိမ် သယ်ဆောင်ရောင်းဝယ်မှုရှိခဲ့ပြီး ရရှိသည့်ငွေဖြင့် AA အဖွဲ့အတွက် လက်နက်ခဲယမ်းများ ဝယ်ယူစုဆောင်းပေးခဲ့သူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့်ပတ်သက်၍ ၎င်းတို့မိသားစုဝင်လေးဦးအပြင် တိန်ညိုကျေးရွာမှ AA နှင့် ဆက်နွှယ်နေသူဟုဆိုသော ရွာသားသုံးဦးတို့ကိုပါ ဖမ်းဆီးထားပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၄၄၀/ ၁၁၄ တို့အပြင် မတရားအသင်း အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ဆောင်ရွက်ထားကာ ပူးပေါင်းပါဝင်သူများကို ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16