News

POST TYPE

NEWS

အနာဂတ်တွင် တောင်နှင့်မြောက်ကိုရီးယားအကြား ပိုမိုနွေးထွေးသည့် ဆက်ဆံရေး ထူထောင်သွားရန် ကင်ဂျုံအန်းတိုက်တွန်း
14-Feb-2018



ပြုံယမ်း၊ ဖေဖော်ဝါရီ ၁၃ 

၂၀၁၈ ဆောင်းရာသီအိုလံပစ်ပွဲတော်သို့ တက်ရောက်လာသော ကိုယ်စားလှယ်အဖွဲ့ကို ကောင်းမွန်စွာဆက်ဆံခဲ့သည့် တောင်ကိုရီးယားနိုင်ငံကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အနာဂတ်တွင်လည်း ထိုသို့ရင်းနှီးနွေးထွေးသည့် အခြေအနေမျိုးကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

နျူကလီးယားစမ်းသပ်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှုများနှင့်ရင်ဆိုင်နေရသည့် ကင်ဂျုံအန်းက ပြုံချန်းမြို့တွင် ကျင်းပပြုလုပ်သည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် ၎င်း၏နိုင်ငံမှ ကိုယ်စားလှယ်တော်ကြီးများကို ကောင်းစွာတည်ခင်းဧည့်ခံသည့် တောင်ကိုရီးယားနိုင်ငံကို ချီးမွမ်းပြောဆိုသည်။ 

ကင်ဂျုံအန်း၏ နှမဖြစ်သူကင်ယို ဂျောင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံ သမ္မတမွန်ဂျေအင်းအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။ မြောက်ကိုရီးယား၏ ကိုယ်စားလှယ်အဖွဲ့ အဆိုပါအားကစားပွဲသို့ တက်ရောက်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းက နှစ်နိုင်ငံဆက်ဆံရေး နွေးထွေးလာခြင်း၏ ပြယုဂ်အဖြစ်သတ်မှတ်ကြသော်လည်း တောင်ကိုရီးယား နိုင်ငံရေးသမားအချို့ကမူ ကွန်မြူနစ်အစိုးရအတွက် ဝါဒဖြန့်ချိမှု အောင်ပွဲတစ်ရပ်ဖြစ်သွားမည်ကို စိုးရိမ်လျက်ရှိကြသည်။ 

“ကိုယ်စားလှယ်တော်ကြီးများအဖွဲ့၏ အစီရင်ခံစာကို လက်ခံရရှိပြီးနောက် ကင်ဂျုံအန်းက အထူးပင်စိတ်ကျေနပ်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုသည်”ဟု KCNA သတင်းဌာက ရေးသားဖော်ပြထားသည်။ 

ယခုအခါ မြောက်ကိုရီးယားအထူး ကိုယ်စားလှယ်အဖွဲ့သည် ဆောင်းရာသီအိုလံပစ်ပွဲသို့ တက်ရောက်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ 

ထို့ပြင် တောင်ကိုရီးယားနိုင်ငံဘက်က ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) မှ ကိုယ်စားလှယ်များ၏ ခရီးစဉ်အား အထူးဦးစားပေးခဲ့သည်ကို စိတ်တိုင်းကျမှုဖြစ်မိကြောင်း၊ သို့အတွက်ကြောင် တောင်ကိုရီးယားနိုင်ငံမှ တာဝန်ရှိသူများကို အထူးပင် ကျေးဇူးတင်ရှိသည်ဟု ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုကြောင်း ယင်းသတင်းဌာနက ဆိုထားသည်။ 

သို့အတွက်ကြောင့် တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ပြန်လည်ပေါင်းစည်းခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း (ဒိုင်ယာလော့ခ်ပြုလုပ်ခြင်း) စသည်တို့အတွက် နွေးထွေးသည့် ဆက်ဆံရေးတစ်ရပ်ကို အကောင်အထည်ဖော်ရန်လည်း ကင်ဂျုံအန်းက အကြံပြုတိုက်တွန်းသွားသည်။ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကမူ အမေရိကန်ပြည်ထောင်စုအနေနှင့်လည်း မြောက်ကိုရီးယားနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် တံခါးဖွင့်ထားသည်ဟု ဆိုသည်။ ဆောင်းရာသီ အိုလံပစ်ပွဲတော်သို့ တက်ရောက်လာသော အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ မိုက်ပန့်စ်ကမူ “ခင်ဗျားတို့ ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့ဆွေးနွေးမှာပါ”ဟု ပြောဆိုထားကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားဖော်ပြသည်။ 

ကင်ယွန်ဂျောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ အဆိုပါခရီးစဉ်သည် ၁၉၅၀ ပြည့်နှစ်၊ ကိုရီးယားစစ်ပွဲကာလနောက်ပိုင်း တောင်ကိုရီးယားသို့ မြောက်ကိုရီးယား၏ လွန်စွာအရေးကြီးသော အရာရှိကြီးများ ပထမဆုံးသွားရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။ 

F-01


  • VIA