News

POST TYPE

NEWS

ထောက်ကြန့်စစ်သင်္ချိုင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြန်ဖွင့်မည်
14-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

တစ်လကြာခေတ္တပိတ်ထားသည့် ရန်ကုန်မြို့ ထောက်ကြန့်စစ်သင်္ချိုင်းကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဓနသဟာယ စစ်သချိုင်းများကော်မရှင်မှ မန်နေဂျာ ဦးသက်မွန်က ပြောကြားသည်။

ဓနသဟာယ စစ်သင်္ချိုင်းများကော်မရှင်က ထိန်းသိမ်းစောင့်ရှောက်ထားသည့် ထောက်ကြန့်စစ်သချိုင်း အဆောက်အအုံများကို ပညာရှင်များဖြင့် ပြင်ဆင်ပြီးစီးခဲ့သောကြောင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ယခင်အတိုင်း လည်ပတ်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပြင်ဆင်ထိန်းသိမ်းသင့်တဲ့ စစ်သင်္ချိုင်းတွေအတွက် ကော်မရှင်ရုံးချုပ်က ဘက်ဂျတ်ချပေးတယ်။ ရန်ကုန်မှာ စစ်သင်္ချိုင်း နှစ်ခုရှိတယ်။ အခုက ထောက်ကြန့်ဧရိယာကို မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းတာပေါ့။ အားလုံးပြီးလို့ ဝင်ခွင့်ပြုတာပါ”ဟု ၎င်းက ဆိုသည်။

ထောက်ကြန့်စစ်သင်္ချိုင်းရှိ အဆောက်အအုံများကို ၁၉၅၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး အမိုးရေယိုစိမ့်မှုကြောင့် ပျက်စီးလာသဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ပထမအပတ်အတွင်း ပြင်ဆင်မှုကာလသတ်မှတ်ခဲ့ကာ အင်္ဂလန်နှင့်ဟောင်ကောင်နိုင်ငံရှိ ပညာရှင်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြင်ဆင်မှုကုန်ကျစရိတ်ကို ကော်မရှင်အောက်ရှိ အာရှ-ပစိဖိတ်အဖွဲ့ဝင် ၃၉ နိုင်ငံထံမှ နိုင်ငံအလိုက်ရရှိသည့် ဘတ်ဂျက်ခွဲတမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထောက်ကြန့်စစ်သင်္ချိုင်းအတွက် စတာလင်ပေါင် သုံးသောင်းခန့် အသုံးပြုပြင်ဆင်ခဲ့ကြောင်း၊ လာမည့်နှစ်တွင် ဘတ်ဂျက်ရရှိမှုပေါ်မူတည်၍ အဆောက်အအုံများကို ဆက်လက်ပြင်ဆင်မည်ဖြစ်ကြောင်း အဆိုပါကော်မရှင်ထံမှ သိရသည်။

အဆိုပါကော်မရှင်သည် အင်္ဂလန်နိုင်ငံတွင် အခြေစိုက်ရုံးဖွင့်လှစ်ထားပြီး ရန်ကုန်မြို့ရှိ ထောက်ကြန့်စစ်သင်္ချိုင်း၊ ပြည်လမ်း ဟံသာဝတီအဝိုင်းအနီးရှိ The Rangoon War Cemetery စစ်သင်္ချိုင်းနှင့် မွန်ပြည်နယ်သံဖြူဇရပ် စစ်သင်္ချိုင်းအပါအဝင် နိုင်ငံပေါင်း ၁၅၃ ခုရှိ သင်္ချိုင်းပေါင်း နှစ်သောင်းခွဲခန့်ကို ထိန်းသိမ်းစောင့်ရှောက်နေသော အဖွဲ့အစည်းဖြစ်သည်။

“စစ်သင်္ချိုင်းကို အင်္ဂလိပ်လူမျိုးတွေက ဂုဏ်ယူစရာနယ်မြေတစ်ခုလို့ သတ်မှတ်ကြတယ်။ အခုချိန်အထိ နိုင်ငံအများစုမှာရှိတဲ့ စစ်သင်္ချိုင်းတွေကို ဘတ်ဂျက်သန်းချီသုံးပြီးတော့ ထိန်းသိမ်းနေတာပဲ”ဟု သမိုင်းသုတေသီပညာရှင် တစ်ဦးက မှတ်ချက်ပြုသည်။

ထောက်ကြန့်စစ်သင်္ချိုင်းကို ၁၉၅၁ ခုနှစ်တွင် စတင်ဖွင့်ခဲ့ခြင်းဖြစ်ပြီး မြေဧရိယာ ၁၆ ဧက ကျယ်ဝန်းကာ ဗြိတိသျှစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံအသီးသီးရှိ စစ်သားများနှင့် အင်္ဂလိပ်စစ်သားများကို ဂုဏ်ပြုဖော်ဆောင်ထားခြင်းဖြစ်ပြီး အုတ်ဂူပေါင်း ၆၄၇၂ ခုရှိပြီး အဆောက်အအုံများအတွင်းရှိ ကော်လံတိုင်များတွင်မူ ဂုဏ်ပြုကမ္ပည်းရေးထိုးခံရသူ ၂၇၀၀၀ ခန့်ရှိကြောင်း ဓနသဟာယ စစ်သင်္ချိုင်းများ ကော်မရှင်ထံမှ သိရသည်။ 

J-17

  • VIA