News

POST TYPE

NEWS

အိုးဘိုထောင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းဖြေမည့်သူ ယမန်နှစ်ထက် ငါးဆတိုး
မန္တလေး၊ ဖေဖော်ဝါရီ ၁၃

အိုးဘိုထောင်စာစစ်ဌာန၌ မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ထောင်ကျ အကျဉ်းသား အကျဉ်းသူ အရေအတွက် ယမန်နှစ်ထက်ငါးဆရှိကြောင်း မန္တလေး ဗဟို အကျဉ်းထောင်ထံမှ သိရသည်။ 

ပြီးခဲ့သည့် ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် မန္တလေး ဗဟိုအကျဉ်းထောင်မှနေ၍ တက္ကသိုလ်ဝင်တန်း ဝင်ဖြေသူ ၁၁ ဦးရှိခဲ့သော်လည်း ယခု ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် ၅၅ ဦးရှိနေကြောင်း မန္တလေးဗဟိုအကျဉ်းထောင် ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောကြားသည်။ 

“စာမေးပွဲဖြေမယ့်သူတွေကို အကျဉ်းထောင်ဘက်ကနေ ပြီးတော့ အစစ အရာရာ ပံ့ပိုးပေးထားတယ်။ ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမတွေနဲ့တင် မဟုတ်ဘူး အပြင်က ကျူရှင်ဆရာတွေနဲ့ပါ သင်ပေးနေပါတယ်။ ထောင်ကနေပြီး စာသင်ပေးတော့ ကလေးတွေဘက်ကလည်း စာဘက်မှာ စိတ်ဝင်တစား သင်လာကြတယ်”ဟု ၎င်းကပြောဆိုသည်။

မန္တလေးအိုးဘိုအကျဉ်းထောင် စာစစ်ဌာနကို ၂၀၁၇ ခုနှစ်ကစ၍ စာစစ်ဌာနတစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ရာ ပြီးခဲ့သည့် ပညာသင်နှစ်တွင် မန္တလေးဗဟို အကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်းသား ၁၁ ဦးဖြေဆိုခဲ့ပြီး ခုနစ်ဦးအောင်မြင်ခဲ့သည်။ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအနက် သုံးဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် လေးဦး ပါဝင်ခဲ့သည်။

၂၀၁၇- ၂၀၁၈ ပညာရေးနှစ်တွင် ထောင်ကျ အကျဉ်းသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ခုနစ်ဦး ဖြေဆိုမည်ဖြစ်ကြောင်း မန္တလေးအိုးဘို အကျဉ်းထောင်၏ စာရင်းများအရ သိရသည်။

လက်ရှိပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနက ထုတ်ပြန်ထားသည်။ 

၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် မန္တလေး အိုးဘိုအကျဉ်းထောင်၌ အမျိုးသား အကျဉ်းသားများအတွက် နှစ်ထပ် စာသင်ဆောင်တစ်ဆောင်နှင့် အမျိုးသမီး အကျဉ်းသူများအတွက် တစ်ထပ်စာသင်ဆောင်တစ်ဆောင် ဆောက်လုပ်ကာ ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော်ကို သင်ကြားပေးနေခြင်းဖြစ်သည်။

M-05