News

POST TYPE

NEWS

မော်စကိုအနီး ဆာရာတော့ဗ် လေယာဉ်ပျက်ကျသည့်နေရာကို ရုရှားစုံစမ်းစစ်ဆေးရေးမှူးများ ရှာဖွေ
13-Feb-2018



မော်စကို၊ ဖေဖော်ဝါရီ ၁၂

ရုရှားနိုင်ငံ မော်စကိုအနီးရှိ ဆာရာတော့ဗ်လေကြောင်းလိုင်းမှ ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သည့်နေရာကို စုံစမ်းစစ်ဆေးရေးမှူးများက ရှာဖွေမှုများ ပြုလုပ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဆာရာတော့ဗ်လေကြောင်းလိုင်းမှ ဂျက်လေယာဉ်သည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ဒိုမိုဒီဒိုဗိုလေဆိပ်မှ ပျံတက်ပြီး မိနစ်ပိုင်းအကြာတွင် ပျက်ကျသွားခဲ့ရာ လေယာဉ်အဖွဲ့သားများနှင့် ခရီးသည် ၇၁ ဦးစလုံး သေဆုံးခဲ့ရသည်။

ပျက်ကျနိုင်သော အကြောင်းရင်းများအဖြစ် ရာသီဥတု၊ လူ၏အမှား၊ နည်းပညာပြစ်ချက် စသည်တို့ကို ထည့်သွင်းစဉ်းစားလျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ အကြမ်းဖက်ဝါဒ တိုက်ခိုက်မှု ဖြစ်နိုင်ခြေကိုမူ ထည့်သွင်းဖော်ပြခြင်း မပြုပေ။

အန်တိုနော့ဗ် An 148 လေယာဉ်သည် အူရယ်တောင်တန်း အော့စ်သို့ ဦးတည်ထွက်ခွာလာစဉ် မော်စကို အရှေ့တောင်ဘက် ကီလိုမီတာ ၈၀ အကွာရှိ အာဂူနိုဗိုကျေးရွာအနီးတွင် ပျက်ကျသွားခဲ့ရာ အလောင်းများနှင့်အပျက်အစီးများမှာ ကျယ်ပြန့်သောနေရာတစ်ခွင် ပြန့်ကြဲလျက်ရှိသည်။

ကယ်ဆယ်ရေးလုပ်သားများသည် ၎င်းတို့၏ မော်တော်ယာဉ်များကို ထားရစ်ခဲ့ရပြီး အခင်းဖြစ်နေရာသို့ ခြေလျင်သွားခဲ့ကြရသည်။ နေရာကိုရှာဖွေရန် အနည်းဆုံး တစ်ရက်မျှကြာမည်ဟု မတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆဗက်တလာနာဆိုသူက ပြောကြားသွားသည်။

ပျံသန်းမှုမှတ်တမ်းတင် ရီကော်ဒါတစ်ခုကို ပြန်လည်တွေ့ရှိခဲ့ပြီး လေယာဉ်သည် အရေးပေါ်ခေါ်ဆိုမှု ပြုလုပ်ခဲ့ခြင်းမရှိဟု သိရှိရသည်။

ရုရှားသမ္မတပူတင်က ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ထားပြီး အမေရိကန်နှင့် ဗြိတိန်အစိုးရများကလည်း ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြသည်။

၂၀၁၇ သည် လေကြောင်းခရီးသွားလာမှုများအတွက် ဘေးကင်းလုံခြုံမှု အရှိဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း ယခု ခရီးသည်ပို့ဆောင်ရေး ဂျက်လေယာဉ်တစ်စင်း ပထမဆုံး ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

လေယာဉ်သည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ပျံတက်ပြီးနောက် မိနစ်ပိုင်းအကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ လမ်းကြောင်းနောက်ယောင်ခံ စနစ်များအရ လေယာဉ်သည် တစ်မိနစ်လျှင် ပေ ၃၃၀၀ နှုန်းဖြင့် နိမ့်ဆင်းလာသည်ဟု ဆိုသည်။

လေယာဉ်သည် မီးလောင်နေပြီး စိုက်ကျသွားခဲ့သည်ဟု မျက်မြင်သက်သေများက ရုရှားမီဒီယာများသို့ ပြောကြားသည်။

ဆာရာတော့ဗ် လေကြောင်းလိုင်းသည် ၂၀၁၅ ခုနှစ်က လျှပ်တစ်ပြက်စစ်ဆေးမှုတွင် လေယာဉ်မောင်းခန်းအတွင်း လူပိုတစ်ဦး ရောက်ရှိနေသည်ကို တွေ့ရှိရခြင်းကြောင့် နိုင်ငံတကာခရီးစဉ် ပျံသန်းမှု ပိတ်ပင်ခံခဲ့ရပြီးနောက် ၂၁၀၆ တွင် နိုင်ငံတကာခရီးစဉ်များ ပျံသန်းခွင့် ပြန်လည်ရရှိခဲ့သည်။

ရုရှားနိုင်ငံသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း လေယာဉ်ပျက်ကျမှု နှစ်ကြိမ်ကြုံတွေ့ခဲ့ရသည်။  

F-04

  • VIA