News

POST TYPE

NEWS

ယာဉ်တိုက်မှုဖြစ်ရာမှ ကျပ်သိန်းနှစ်ထောင်ကျော်ရှိ ဘိန်းဖြူများ ဖမ်းမိ
ရွှေဘို၊ ဖေဖော်ဝါရီ ၁၁

ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်း မင်္ဂလာရွာအနီးတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ထော်လာဂျီနှင့်တိုက်မိခဲ့သည့် မော်တော်ယာဉ်ပေါ်မှ ကျပ်သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါလမ်း ရန်ကြီးအောင်ကွက်သစ် မောင်းတံဂိတ်တွင် သတင်းအရ စောင့်ဆိုင်းစဉ် ရွှေဘိုမှရေဦးဘက်သို့ မောင်းနှင်လာသည့် VIGO အဖြူရောင်ယာဉ်ကို တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ ရေဦးဘက်သို့ ဆက်လက်မောင်းနှင်သွား၍ ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်ခင်မောင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် VIGO ယာဉ်သည် မင်္ဂလာရွာ မိုင်တိုင် ၇၁/၁ နှင့် ၂ အကြားတွင် မျက်နှာချင်းဆိုင်မှလာသည့် ထော်လာဂျီကိုတိုက်မိပြီး လမ်းဘေးသို့ ထိုးကျသွားသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းယာဉ်နောက်ခန်းမှ လမ်းဘေးမြောင်းအတွင်း ပြုတ်ကျသည့် ဘီစကစ် ဂျပ်ဖာနှစ်ခုအတွင်းမှ ဆပ်ပြာခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ၊ အဖြူ/လိမ္မော်ရောင် အမှုန့်များ ဆပ်ပြာခွက်တစ်ခွက်လျှင် ပလတ်စတစ် အဖြူရောင်အိတ်ဖြင့် ပတ်ထားသည့် ၁၀ ဂရမ်ခန့်ပါ ရောင်စုံဆပ်ပြာခွက် ၂၄၂ ခွက် စုစုပေါင်း ၂ ဒသမ ၄၂ ကီလိုဂရမ်ခန့်ကို ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ယာဉ်မောင်း ကျင်ဇတွန် (၄၀ နှစ်) နှင့် ဦးလန်ခန့်ဆူမ် (၄၈ နှစ်)တို့ကို မူးယစ်ပုဒ်မများဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

R-09