News

POST TYPE

NEWS

ကွမ်းယာဝယ်နေသည့် စိုက်ပျိုးရေးအရာရှိတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး
မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၁

မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးတစ်ဦး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက လမ်းဘေးတွင် ကွမ်းယာဝယ်ယူနေစဉ် ဆိုင်ကယ်အတိုက်ခံရသောကြောင့် သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။ 

သေဆုံးသူသည် မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အသက် ၅၅ နှစ် အရွယ်ရှိ ဒုလက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်ဖြစ်ကြောင်း၊ မြို့နယ်လျှပ်စစ်ရုံးရှေ့ရှိ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေစဉ် ဆိုင်ကယ် အတိုက်ခံရသောကြောင့် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာရရှိခဲ့ပြီး မလှိုင်မြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မိတ္ထီလာမြို့နယ် မန်ကျည်းပင်ပုရွာတွင် နေထိုင်သည့် အသက် ၃၃ နှစ်အရွယ်ရှိ ချမ်းမြေ့အောင်သည် မလှိုင်-မိတ္ထီလာ ကားလမ်းအတိုင်း မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း၊ အဆိုပါယာဉ်တိုက်မှုကြောင့် ချမ်းမြေ့အောင်သည်လည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ဆေးရုံသို့တင်ပို့ထားရကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ 

လက်ရှိတွင် ယာဉ်မဆင်မခြင်မောင်းနှင်သော ချမ်းမြေ့အောင်ကို မလှိုင် မြို့မရဲစခန်းက ယာဉ် (ပ) ၅/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။  

R-01