News

POST TYPE

NEWS

ဆေးဖြတ်လူနာများ ထွက်မပြေးနိုင်ရန် ကျပ်သိန်း ၇၀ အသုံးပြု၍ ခြံစည်းရိုးကာမည်
08-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မူးယစ်ဆေးစွဲလူနာများ ထွက်မပြေးစေရန် ချော်တွင်းကုန်းလမ်းဆုံ ပြည်လည်ထူထောင်ရေးစခန်း (ရန်ကုန်) ဧရိယာတွင် အမြင့် ၉ ပေခန့်ရှိ သံဆန်ခါ ခြံစည်းရိုးကာရံရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ်ဆန်းက ပထမဆုံးပြန်လည်ဖွင့်ခဲ့သော ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) တွင် ဆေးစွဲလူနာ ၂၀ ဦး ကို ပြန်လည်ပြုစုပျိုးထောင်ပေးနေစဉ် လူနာ ၃ ဦးခန့်မှာ ထွက်ပြေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)၊ တာဝန်ခံ ဒေါ်အေးအေးလွင်က ပြောကြားသည်။

“အမြန်ဆုံးကာမှာပါ။ ဆေးစွဲလူနာက အသက် ၁၅ နှစ်နဲ့ နှစ်ဆယ်ဝန်းကျင်တွေ များတယ်။ ကလေးတချို့က စိတ်မခိုင်ဘဲပြေးလို့ ထိန်းသိမ်းပြီး ရွာသာကြီး စိတ်ကျန်းမာဆေးရုံကို ပြန်ပို့လိုက်ရတယ်။ နောက်ထပ် အလားတူကိစ္စ မဖြစ်ဖို့ လုံခြုံရေးအတွက် ရဲဝန်ထမ်းတွေပါထားမယ်”ဟု ၎င်းက ဆိုသည်။

ခြံစည်းရိုးကာရံရန် တိုင်းအဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ကျပ်သိန်း ၇၀ ခန့် သုံးစွဲရန်တင်ပြထားပြီး ခြံစည်းရိုး ဧရိယာအရ ပေ ၅၃၀ ခန့်ကို ဂငယ်ကွေ့ပုံစံ ကာရံမည်ဖြစ်ကြောင်း၊ လူနာများ ထွက်မပြေးနိုင်ရန် အမြင့် ၉ ပေခန့် ထားရှိမည်ဖြစ်ပြီး အိပ်ဆောင်၊ ထမင်းစားဆောင်နှင့် အားကစားရုံတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါစခန်းမှ ဆေးစွဲရောဂါ ပျောက်ကင်းခဲ့သော ပထမအသုတ် လူနာ ၁၇ ဦးကို ပြန်လည်ထူထောင်မှု ၃၅ ရက်ခန့် ပြုလုပ်ပေးပြီး ဇန်နဝါရီလ ၂၈ ရက်တွင် မိသားစုထံ ပြန်လည်လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဆေးစွဲလူနာများကို ထောင်ဒဏ်အဖြစ် ပြစ်ဒဏ်မချမှတ်ဘဲ လူမှုပြစ်ဒဏ်ဖြင့် အစားထိုးအရေးယူမည့် ဥပဒေကြမ်းတစ်ရပ်ကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီးနောက် လူနာများကို ဆေးဖြတ်ကုသမှုနှင့် ပြန်လည်ထူထောင်မှု လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောဆိုသည်။

“အစိုးရအသိအမှတ်ပြု ဆေးဖြတ်ကုသပြီး လူနာဖြစ်တယ်ဆိုတဲ့ ထောက်ခံချက်တော့ လိုအပ်တယ်။ ဆေးဖြတ်ချင်တဲ့ စိတ်ရှိဖို့ အဓိကပဲ။ လူမှုဝန်ထမ်းဌာနကို အချိန်မရွေး ဆက်သွယ်စာရင်းပေးလို့ ရတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်ဆေးစွဲရောဂါ ခံစားနေရသော လူနာအရေအတွက် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း သောင်းချီမြင့်တက်လာခဲ့ပြီး စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) မက်သဒုန်းဆေးဖြင့် အစားထိုးကုသပေးနေသူ လူနာ ၅၀ ခန့်၊ ဆေးဝါးအကူမပါဘဲ အစိမ်းဖြတ်ကုသသူ လူနာ ၃၀ ခန့်ရှိကြောင်း၊ ထို့အပြင် ငွေကြေးတတ်နိုင်ခြင်းကြောင့် ဆေးစွဲရောဂါကုသရေး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ကုသနေသော လူနာများလည်း ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး မူးယစ်သုံးစွဲနေခြင်းကြောင့် ဆေးကုသမှုခံယူရန် လိုအပ်သည့် ဆေးစွဲလူနာ သုံးသိန်းခန့်ရှိသည့်အနက် ဆေးဝါးကုသမှု ခံယူရသော လူနာမှာ ၉ ဦးလျှင် ၁ ဦးနှုန်းသာ ဆေးကုသမှုနှင့် ပြန်လည်ထူထောင်ရေး အခွင့်အလမ်းရရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ထားသည်။ 

J-17


  • VIA