News

POST TYPE

NEWS

သက်ငယ်မုဒိမ်း သေဒဏ်ပေးရေး တောင်ငူတွင် လူ ၄၀ဝ ကျော် လက်မှတ်ရေးထိုး

တောင်ငူ၊ ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုများသော်လည်း ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်မှု မရှိသဖြင့် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်နိုင်ရေးအတွက် တောင်ငူမြို့ခံ ၄၀ဝ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း လက်မှတ်ကောက်ခံသူ ဒေါ်မြတ်ဆုမွန်က ပြောသည်။

တစ်နိုင်ငံလုံးအနေနှင့် လက်မှတ် သုံးသိန်းကောက်ခံမည်ဖြစ်သော်လည်း လက်ရှိတွင် လက်မှတ်  ၁၅၀ဝ ကျော်ရရှိထားကြောင်း၊ တောင်ငူမြို့တွင် နှစ်ရက်ကြာ ကောက်ခံမည်ဖြစ်ပြီး ယနေ့တွင် လက်မှတ် လေးရာကျော် ရရှိထားကြောင်း ၎င်းကဆိုသည်။ 

လက်မှတ်ရေးထိုး ကောက်ခံမှုများကို ပြစ်ဒဏ်နှင့် ပြစ်မှုမျှတလိုသူများက ဦးဆောင်ကာ ကောက်ခံနေပြီး လက်ရှိတွင် ရန်ကုန်နှင့် ပြည်တွင် စတင်ကောက်ခံခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်တွင် တောင်ငူမြို့တွင်  စတင်ကောက်ခံသည်။

လက်မှတ်ကောက်ခံမှုကို တောင်ငူမြို့တွင် ဖေဖော်ဝါရီလ ၇ ရက် နံနက်ပိုင်းက အမှတ် ၁၅ ရပ်ကွက် နံပါတ် ၆ လမ်း မြို့မဈေးကြီး မီးလောင်ပြင်နားတွင် စတင်ကောက်ခံခဲ့ကြောင်း၊ ယင်းနောက် ခရိုင်မြို့ကြီးများသို့ ကွင်းဆင်းကာ လက်မှတ်များ ကောက်ခံမည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

“တောင်ငူမှာ ကနေ့မနက် စကောက်တာ ထွက်ပြေးတဲ့သူတောင် ရှိတယ်၊ ဒါနဲ့မြို့မဈေးထဲကို ကျွန်မတို့အဖွဲ့ပတ်ပြီး ရှင်းပြရင်းနဲ့ ကောက်လိုက်ရတယ်”ဟု ဦးဆောင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

သက်ငယ်မုဒိမ်းပြစ်မှုနှင့် ပြစ်ဒဏ် မမျှတသည့် အနေအထားတစ်ခုမှ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ရေးအတွက် လက်မှတ် သုံးသိန်းကောက်ခံကာ ဦးဆောင်သူများက ပြည်သူ့လွှတ်တော်သို့ တိုက်ရိုက် တင်သွင်းမည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။ 

“သက်ငယ်မုဒိမ်းကို အခုနောက်ပိုင်းချမှတ်တဲ့ ပြစ်ဒဏ်က နှစ် ၂၀ ဆိုတော့ မနည်းပါဘူး။ ဒါပေမဲ့ သက်ငယ်မုဒိမ်းသမားက လူပါသတ်သွားတယ် ဆိုတာမျိုးကိုတော့ သေဒဏ်ချကို ချသင့်တယ်။ တစ်ခုတော့ တွေးရမှာက ဒီပြစ်မှုက သေဒဏ်ဆိုတာ ကျူးလွန်သူက သိရင်သတ်ဖို့အကြံ မပါလာပေမယ့် နှုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်လာမှာပါ”ဟု တောင်ငူမြို့မှ အမျိုးသားတစ်ဦးက သုံးသပ်သည်။

R-15