News

POST TYPE

NEWS

ဖြူးမြို့အနီး ငလျင်လှုပ်မှုများ စစ်ကိုင်းပြတ်ရွေ့ကြောင့်မဟုတ်သဖြင့် စိုးရိမ်ဖွယ်ရာမရှိဟုဆို
07-Feb-2018

တောင်ငူ၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီလ ၆ ရက်အထိ အင်အား အသင့်အတင့်ရှိ ငလျင် ၁၅ ကြိမ်ခန့် လှုပ်ခဲ့သော်လည်း ယင်းငလျင်များမှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် မဟုတ်သဖြင့် လက်ရှိအထိ စိုးရိမ်ဖွယ်ရာမရှိသေးကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြူးမြို့အနီး လှုပ်ခတ်ခဲ့ဖူးသော ငလျင်မှာနှစ် ၈၀ ကျော်ပြီ ဖြစ်သောကြောင့် ငလျင်သဘောအရ နှစ် ၁၀၀ ကျော်လျှင် တစ်ကြိမ် လှုပ်ခတ်နိုင်သဖြင့် စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောကို သတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်တစ်ဦးက သုံးသပ်သည်။

ဖြူးမြို့အနောက်တောင်ဘက် ၁၇ မိုင်အကွာတွင် ဇန်နဝါရီလ ၁၂ ရက်က ရစ်ခ်တာစကေး ၆ အဆင့်ရှိသည့် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် တစ်လခန့်ကာလအတွင်း ယင်းအင်အားထက် လျော့သော ငလျင် ၁၅ ကြိမ်ခန့် လှုပ်ခတ်ခဲ့သည်။ 

အင်အား ၆ အဆင့်ရှိသော ငလျင်လှုပ်စဉ်က လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုနှင့် အိမ်ခြေအဆောက်အအုံများ ပျက်စီးမှုမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဖေဖော်ဝါရီလ ၅ ရက် ည ၁၁ နာရီ ၂၅ မိနစ်ကျော်က ဖြူးမြို့၏ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင် ရစ်ခ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

“ဇန်နဝါရီလက လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်တာစကေး ၆ လှုပ်ပြီးတဲ့ နောက်ပိုင်းမှာ အင်အားအသင့်သင့်ရှိတဲ့ ငလျင်ငယ်တွေ လှုပ်နေတာ ၁၅ ကြိမ်လောက်ရှိနေပြီ၊ ငလျင်ရဲ့သဘောက ပြင်းအား တဖြည်းဖြည်းနဲ့ ကျသွားတာဖြစ်တော့ စိုးရိမ်စရာမရှိဘူး၊ တစ်ခုကောင်းတာက ဒေသခံတွေ ငလျင်အသိ ပိုရှိလာတယ်။ ဒေသ (ပဲခူး) ကလည်း စစ်ကိုင်းငလျင်ကြောထဲပါနေတော့ စိုးရိမ်စရာက စစ်ကိုင်းပြတ်ရွေ့ပဲရှိတယ်”ဟု တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြူးမြို့အနီးတွင် ငလျင်များ လှုပ်ခတ်သဖြင့် ဒေသခံများအနေနှင့် ဆည်ကျိုးပေါက်မည်ကို စိုးရိမ်သော်လည်း လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး လုပ်ငန်းဌာနက စိုးရိမ်ဖွယ်မရှိကြောင်း ထုတ်ပြန်ထားသည်။

ဖြူးမြို့အနီးတစ်ဝိုက် ဆည်ကြီးအချို့ ရှိနေသော်လည်း မြေသားတမံအမျိုးအစားဖြစ်သည့်အတွက် မစိုးရိမ်သော်လည်း စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်ဖြစ်ပွားပါက အင်အားပြင်းငလျင်လှုပ်ခတ်မည်ကို စိုးရိမ်ကြောင်း ဖြူးဒေသခံ အမျိုသားတစ်ဦးက ဆိုသည်။

R-15