News

POST TYPE

NEWS

ဆီးရီးယား ကလိုရင်းဓာတ်ငွေ့သုံး တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် အမေရိကန်နှင့်ရုရှားအချင်းများ


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၆

မကြာသေးမီ ရက်ပိုင်းအတွင်းက ကလေးများအပါအဝင် လူအမြောက်အမြား ထိခိုက်စေခဲ့သော ဆီးရီးယားနိုင်ငံအတွင်း ကလိုရင်းဓာတ်ငွေ့သုံး တိုက်ခိုက်မှုသတင်းနှင့် ပတ်သက်၍ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမေရိကန်က တင်သွင်းရာ၌ ရုရှားနှင့်အခြေအတင်ဖြစ်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

သူပုန်များထိန်းချုပ်ထားသည့် ဂိုတာဒေသ အရှေ့ပိုင်းတွင် ယမန်နေ့နှင့် ရှေ့ရက်များအတွင်း ဆီးရီးယားသမ္မတ အာဆတ်အစိုးရက ကလိုရင်းဓာတ်ငွေ့သုံးစွဲပြီး ပြည်သူများကို တိုက်ခိုက်ခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက စွပ်စွဲခဲ့သည်။ ခံစားခဲ့ရသူများထံမှ ထင်ရှားသောသက်သေများ ရှိသည်ဟုလည်း ဟာလေက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒိုမာမြို့တွင် ဆီးရီးယားအစိုးရက ကလိုရင်းဖြင့် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သောကြောင့် ကလေးများအပါအဝင် အရပ်သား၂၀ ထိခိုက်ခဲ့မှုအတွက် ကောင်စီက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ကို အမေရိကန်က အဆိုပြုခဲ့ခြင်းဖြစ်သည်။

ရုရှားက ပြန်လည်ဝေဖန်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသည် ဓာတုတိုက်ခိုက်မှုများအတွက် ဆီးရီးယားသမ္မတ ဘာရှားအာဆတ်ကို လွဲမှားစွာပြစ်တင်ရန် ဝါဒဖြန့်ချိရေး လှုံ့ဆော်မှု လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။

“ကျုပ်တို့ လုံးဝကို ရှင်းရှင်းကြီးမြင်တာကတော့ ကျူးလွန်သူ ဘယ်သူဘယ်ဝါလို့ မဖော်ထုတ်နိုင်သေးဘဲ ဆီးရီးယားအစိုးရကိုပဲ ဓာတုလက်နက်သုံးစွဲမှုအတွက် စွပ်စွဲဖို့ရည်ရွယ်တယ်ဆိုတဲ့ အချက်ပါပဲ”ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်ဆီလီနီဘန်ဇီယာက ပြောကြားခဲ့သည်။

ရုရှားကမူ ဂိုတာဒေသအရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ရည်ညွှန်းထားခြင်းမရှိသော ကြေညာချက်တစ်စောင်ကို ပြောင်းလဲအဆိုပြုခဲ့ပြီး သတင်းများ၊ အစီရင်ခံစာများသည် စိတ်ချယုံကြည်ရပြီး ပရော်ဖက်ရှင်နယ်ဆန်စွာ စုံစမ်းစစ်ဆေးမှုမျိုးဖြစ်ရန် လိုကြောင်းပါ မှတ်ချက်ပေးထားသည်။

အမေရိကန်ဘက်က ယင်းသို့ ပြောင်းလဲမှုကိုပယ်ချခဲ့ပြီး နောက်ဆုံးတွင် မည်သည့်ကြေညာချက်မျှ အတည်မပြုနိုင်ခဲ့ကြောင်း သံတမန်များက ပြောကြားခဲ့သည်။

ရုရှားသည် ကြေညာချက်ကိုပင် လက်မခံနိုင်ဖြစ်နေပြီး ကလိုရင်းဓာတ်ငွေ့ကြောင့် အသက်ရှူကျပ်သည့် ဝေဒနာခံစားခဲ့ရသော ဆီးရီးယားကလေးငယ်များကို ပြန်ပြီး အပြစ်တင်နေသလို ဖြစ်သွားသည့် ကြေညာချက်မျိုး ပြန်တင်ခဲ့သည်ဟု ဝေဖန်ခဲ့သည်။  

F-03