News

POST TYPE

NEWS

မိတ္ထီလာတွင် မန်ကျည်းသီးအသစ် အနိမ့်ဈေးဖြင့်စဖွင့်
06-Feb-2018



မိတ္ထီလာ၊ ဖေဖော်ဝါရီ ၅

မိတ္ထီလာ ကုန်စိမ်းဈေးကွက်အတွင်း ဇန်နဝါရီလလယ်ပိုင်းကစ၍ မန်ကျည်းသီးအသစ်များ ဝင်လာပြီဖြစ်သော်လည်း အဟောင်းလက်ကျန်ရှိပြီး အဝယ်မလိုက်သေးသဖြင့် အနိမ့်ဈေးဖြင့်သာ ဈေးဖွင့်ခဲ့ကြောင်း မိတ္ထီလာမြို့ခံ မန်ကျည်းပွဲရုံများထံမှ သိရှိရသည်။

ယခုနှစ် မန်ကျည်းသီး အဖွင့်ဈေး အနေနှင့် (အကြောဆွဲ) ပိဿာတစ်ရာလျှင် အရည်အသွေးကိုလိုက်၍ ကျပ် ၉၀,၀၀၀ မှ ၉၅,၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း၊ မန်ကျည်းသီး (ထုဖတ် - ရှယ်) အသစ် ပိဿာတစ်ရာလျှင် ကျပ်၂၅၀,၀၀၀ ပေါက်ဈေးကြောင်း၊ မိတ္ထီလာ ဒေသထွက် မန်ကျည်းကို အဓိကဝယ်ယူသော မူဆယ်နှင့် ရခိုင်ပြည်နယ်ဘက်မှ အဝယ်မရှိသေးကြောင်း သမာဓိပွဲရုံလုပ်ငန်းရှင် ဒေါ်လှလှအေးက ပြောကြားသည်။

ယခင်နှစ်ဇန်နဝါရီလက မန်ကျည်းသီး (အကြောဆွဲ) ပိဿာတစ်ရာ၏ ဈေးသည် ကျပ်တစ်သိန်းဝန်းကျင်ရှိပြီး မန်ကျည်းသီး (ထုဖတ်) ပိဿာတစ်ရာလျှင် ကျပ်သုံးသိန်းပေါက်ဈေးရှိကြောင်း မိတ္ထီလာကုန်စည်ဒိုင်ထံမှ သိရသည်။

“ပြီးခဲ့တဲ့နှစ် ဩဂုတ်မှာ မန်ကျည်းဈေး အမြင့်ဆုံးဖြစ်သွားတယ်။ အကြောဆွဲတစ်ပိဿာကို ၂၂၅၀ ကျပ်နဲ့ ထုဖတ် တစ်ပိဿာကို ၃၅၀၀ ကျပ်အထိ ဖြစ်သွားခဲ့တယ်။ ဒီနှစ် မန်ကျည်း (အသစ်) အဖွင့် ဈေးနည်းတယ်ဆိုတာ အဟောင်းလက်ကျန်ရှိနေတော့ ဈေးချရောင်းနေရတာ တွေရှိတယ်။ အနေအထားကိုကြည့်ပြီးတော့ ဈေးဖြတ်ကြတာ”ဟု ဝေဖြိုးပွဲရုံ လုပ်ငန်းရှင် ဦးဖုန်းကျော်က ပြောကြားသည်။ 

ယခုနှစ်တွင် ဈေးကောင်းရနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် ပြီးခဲ့သော ဒီဇင်ဘာလဆန်းပိုင်းကတည်းက ရပ်ကွက်ကျေးရွာများအတွင်းရှိ မန်ကျည်းပင်ပိုင်ရှင်များကို ကြိုတင်စရန်ငွေပေးကာ ဝယ်ယူမှုများရှိခဲ့ကြောင်း ဒေသခံ မန်ကျည်းပင်ပိုင်ရှင်များနှင့် မန်ကျည်းပင်များကို ပုတ်ပြတ်ဝယ်ယူနေသူများထံမှ သိရသည်။

“မိတ္ထီလာနယ်မှာ ကိုယ့်မန်ကျည်းပင်ကို ကိုယ်တိုင်ပုတ်ပြီးရောင်းတဲ့သူက နည်းတယ်။ အပင်ပိုင်ရှင်အများစုက အသီးမပေါ်ခင် တစ်လ၊ နှစ်လလောက်ကတည်းက အပင်လိုက်ရောင်းထားကြတာ။ ဝယ်တဲ့သူတွေကလည်း မျက်မြင်နဲ့တင် ဘယ်နှပိဿာ ထွက်နိုင်တယ်မှန်းပြီး ရွာစဉ်လှည့်ဝယ်ကြတာ”ဟု မိတ္ထီလာမြို့ အရှေ့ဘက် လေးမိုင်အကွာရှိ တောမကျေးရွာမှ မန်ကျည်းပင် ပုတ်ပြတ် ဝယ် ရောင်း ဒေါ်သန်းနုက ပြောဆိုသည်။ 

လက်ရှိတွင် ဈေးကွက်အတွင်းသို့ ပိဿာတစ်ရာ၊ နှစ်ရာခန့်သာ အဝင်ရှိနေပြီး မန်ကျည်းသီးဖြိုင်ဖြိုင်ပေါ်သည့် ဖေဖော်ဝါရီနှင့် မတ်လတွင် ဈေးကွက်အတွင်းသို့ တစ်ရက်လျှင် ပိဿာချိန် ရှစ်ထောင်မှ တစ်သောင်းအထိ ဝင်ကြောင်း မိတ္ထီလာမြို့ခံ မန်ကျည်းကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

R-01