News

POST TYPE

NEWS

တုတ်၊ ဓား လက်နက်များ သိုလှောင်ထားသည့် KTV ဆိုင်မှ ဝန်ထမ်း ၁၅ ဦးကို ဖမ်းဆီး
04-Feb-2018
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

လှိုင်သာယာမြို့နယ်၊ အမှတ်(၇) ရပ်ကွက်ရှိ KTV ဆိုင်တစ်ဆိုင်ကို ဖေဖော်ဝါရီလ ၂ ရက် ည ၁၁ နာရီဝန်းကျင်က ဝင်ရောက်စစ်ဆေးခဲ့ရာ သိုလှောင်ထားသည့် တုတ်၊ ဓား လက်နက်များကို သိမ်းဆည်းရမိသဖြင့် ယင်းဆိုင်မှ ဝန်ထမ်း အမျိုးသား ၁၅ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဆိုင်ထဲမှာ တုတ်တွေ၊ ဓားတွေ ဝှက်ထားတယ်လို့ သတင်းရခဲ့တယ်။ အသက်အန္တရာယ်ကို ထိခိုက်စေမယ့် လက်နက်တွေ သိုလှောင်ထားလို့ ဆိုင်မန်နေဂျာ အပါအဝင် ဝန်ထမ်းတွေ အားလုံးကို ဖမ်းဆီးအရေးယူထားတယ်”ဟု ရဲအရာရှိက ပြောသည်။

လက်နက်များ အက်ဥပဒေဖြင့် ယင်း KTV ဆိုင်မှ အသက် ၃၁ နှစ် မန်နေဂျာ ဂျင်မေဟိန်း (ခ) ဖိုးခွါး အပါအဝင် ဝန်ထမ်း အမျိုးသား ၁၅ ဦးကို အမှုဖွင့် အရေးယူထားပြီး လွန်ခဲ့သည့် ၂ နှစ်ကျော်က လှိုင်သာယာမြို့နယ်ရှိ KTV ဆိုင်တွင် လူမိုက်တစ်ဦးကို ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ဓားဖြင့် ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွါးနေ သည့် လှိုင်သာယာမြို့နယ်တွင် ခိုး၊ ဆိုး၊ လု၊ နှိုက် အမှုများ ကျူးလွန်တတ်သူနှင့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ သုံးစွဲသူ၊ ရပ်ကွက်ထဲ အုပ်စုဖွဲ့ မင်းမဲ့စရိုက်ဆန်ဆန် အနိုင်ကျင့် ဗိုလ်ကျနေသူများနှင့် ပြေးလေးပြေးများကို လင်းယုန်စီမံချက်ဖြင့် ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁ ရက် နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ လက်နက်များ အက်ဥပဒေအရ အရေးယူထားမှု ၃၁ မှု၊ လောင်းကစားမှု ၄ မှု၊ မူးယစ်မှု ၉ မှုနှင့် ခြေချုပ်နှင့် ခံဝန် ဥပဒေအရ အရေးယူမှု ၆၀ မှု၊ ကျင့် ၅၄ အရ အရေးယူမှု ၈၀ မှု၊ ရဲအက်ဥပဒေဖြင့် အရေးယူထားမှု ၉၆ မှု၊ ယစ်မျိုးမှု ၁၄ မှုနှင့် ဗီဒီယိုအက်ဥပဒေအရ အရေးယူမှု ၁ မှု၊ မော်တော်ယာဉ် ဥပဒေအရ အရေးယူမှု ၁ မှုတို့ကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03