News

POST TYPE

NEWS

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်တက်ရန် အတိုင်ပင်ခံကို ဖိတ်ကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ် ဘားအံမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက် (ပြည်ထောင်စုနေ့) အထိ ကျင်းပမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကရင်ပြည်နယ်အစိုးရထံမှ သိရသည်။

ကရင်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် အဆိုပါပွဲတော်တွင် တိုင်းရင်းသားတို့၏ ရိုးရာ ဝတ်စားဆင်ယင်မှုများ၊ စာပေနှင့် အနုပညာဆိုင်ရာများကို ထည့်သွင်းပြသသွားမည်ဖြစ်သည်။

“အစ်ကိုတို့ကတော့ နိုင်ငံတော် အတိုင်ပင်ခံကို ဖိတ်ထားတယ်၊ လာမယ်၊ မလာမယ်ဆိုတာကတော့ သူအချိန်ပေး နိုင် မပေးနိုင်ဆိုတာ ရှိတယ်၊ သမ္မတကနေ ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ တိုင်းရင်း သားရေးရာဝန်ကြီး ၂၈ ဦးစလုံးကို ဖိတ် ထားပါတယ်။ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကိုလည်း ဖိတ်ထားတယ်”ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင် ထွေးက ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း တိုင်းရင်း သားလူမျိုးများဖြစ်သော ကရင်၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ ရှမ်း တိုင်းရင်းသား ငါးမျိုး၏ ရိုးရာယဉ်ကျေးမှုများကို အဓိကထား ပြသသွားမည်ဖြစ်ပြီး ရိုးရာ အစားအသောက်များ ရောင်းချခြင်း၊ ကပွဲများ ပြုလုပ်ခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါ ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

ယင်းတိုင်းရင်းသား ပဒေသာပွဲတော်သို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ပြီး ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံမည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ဖေဖော်ဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် သီးခြား တွေ့ဆုံဖွယ်ရှိသည်ဟု ဘားအံမြို့ခံများအကြားတွင် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“တခြားတိုင်းနဲ့ ပြည်နယ်က တိုင်းရင်းသားတွေကို ဖိတ်ခေါ်ထားတာတော့ မရှိဘူး၊ ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်နေတယ် ဆိုတာရယ်၊ မတူညီတဲ့ စာပေတွေရယ် အသုံးအဆောင်တွေနဲ့ အဝတ်အစားတွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့နဲ့ အချင်းချင်းပိုပြီး နားလည်မှုတွေ တိုးလာနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ဦးတေဇထွဋ်လှိုင်ထွေးက ထပ်လောင်း ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကလည်း ကယားပြည်နယ် လွိုင်ကော်မြို့သို့ ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေး စကားဝိုင်းတစ်ရပ်ကိုလည်း လူငယ်များနှင့် ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသော ကာလဖြစ်သောကြောင့် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုများကို ဖော်ထုတ်ခြင်း၊ အချင်းချင်း နှီးနှောဖလှယ်ခြင်းများ ပြုလုပ်နိုင်ရန် တိုင်းရင်းသာရိုးရာ စာပေယဉ်ကျေးမှုပွဲတော်ကို ခမ်းနားစွာ ပြုလုပ်သွားမည်ဟု ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဘားအံ) ၏ လူငယ်ညီလာခံတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားထားခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ တာဝန်ယူပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများအဖြစ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (ပင်လုံခရီးစဉ်) နှင့် ရခိုင်ပြည်နယ် မောင်တောဒေသနှင့် ကယားပြည်နယ်များသို့ သွားရောက်ထားသည်။

J-08