News

POST TYPE

NEWS

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြန်လည်ပြင်ဆင်မည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆို
ရန်ကုန်၊ ဇူလိုင် ၁၇

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြစ်သော်လည်း လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်နိုင်ခြင်း မရှိသောကြောင့် ယင်းဥပဒေကို ပြန်လည် ပြင်ဆင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

ဇူလိုင်လ ၁၇ ရက်နေ့က တာမွေ မြို့နယ်တွင် ယင်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူထုတွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

လက်ရှိအစိုးရသစ် လက်ထက်တွင် အဂတိလိုက်စားမှုများကို တိုက်ဖျက်နိုင်ရန် အကောင်အထည် မဖော်နိုင်ခြင်းမှာ ယခင်အစိုးရ လက်ထက်က ရေးဆွဲထားသော ဥပဒေကြောင့်သာ ဖြစ် ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
“လာမယ့်အပတ်မှာ အဂတိလိုက်စားမှု ဥပဒေကို ပြင်မယ်၊ ဥပဒေ အတည်ဖြစ်လာရင် အစိုးရက ကော်မရှင်တစ်ရပ်ဖွဲ့မယ်၊ ဒါပြီးရင်တော့ action တွေ လာတော့မယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် လွှတ်တော်မှ ပြုပြင်ပြောင်းလဲပေးလိုက်သော ဥပဒေများနှင့်အညီ လက်ရှိအစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သောကြောင့် ပြည်သူများမှလည်း တိကျမှန်ကန်သော နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ၎င်းက တိုက်တွန်းလိုက်သည်။

ထို့ပြင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းမည် ဖြစ်ကာ ယင်းနောက်တွင်လည်း လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဥပဒေအတိုင်း ပြန်လည်ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအရ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းထားသော်လည်း လက်ရှိအချိန်အထိ သိသာသော စစ်ဆေးအရေးယူမှုများကို မြင်တွေ့ရခြင်း မရှိသေးကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆိုထားသည်။

ရီနီ