News

POST TYPE

NEWS

ထားဝယ်၊ မြိတ် ကျူးကျော်များကို တစ်လ သုံးသောင်းခွဲ အငှားအိမ်ရာခန်း ငှားမည်
29-Jan-2018

ထားဝယ်၊ ဇန်နဝါရီ ၂၈

ကျူးကျော်များအတွက် ထားဝယ်မြို့နှင့် မြိတ်မြို့တွင် ဆောက်လုပ်ထားသည့် အငှားအိမ်ရာအခန်းများကို တစ်လလျှင် ကျပ်သုံးသောင်းခွဲနှုန်းဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါအိမ်ရာများမှာ အဆောက်အအုံပိုင်းတွင် ပြီးစီးနေပြီဖြစ်သော်လည်း ရေနှင့် လျှပ်စစ်မီးတပ်ဆင်နေဆဲဖြစ်ကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

ထားဝယ်မြို့တွင် ဆောက်ထားသည့် အငှားအိမ်ရာတွင် ထားဝယ်လေယာဉ်ကွင်းအနီး ကျူးကျော်နေထိုင်သူများကို နေရာချထားမည်ဖြစ်ပြီး မြိတ်မြို့တွင် ဆောက်လုပ်ထားသည့် အငှားအိမ်ရာတွင် ပုဂ္ဂလိကနှင့် အစိုးရပိုင်မြေများပေါ်တွင် ကျူးကျော်နေထိုင်သူများကို ငှားသွားမည်ဖြစ်ကြောင်း ဦးဖြိုးဝင်းထွန်းက ဆိုသည်။

ကျူးကျော်နေထိုင်သူအားလုံးကို နေရာချထားပေးခြင်းမဟုတ်ဘဲ အနည်းဆုံး ၅ နှစ် နေထိုင်ခဲ့ပြီးသည့် ကျူးကျော်နေထိုင်သူများကိုသာ ငှားရမ်းခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီကျူးကျော်တွေကို စနစ်တကျ ရွှေ့ပြောင်းတဲ့အနေနဲ့ သူတို့ကို နေရာစီစဉ်ပေးခြင်း ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောသည်။

ထားဝယ်မြို့နှင့် မြိတ်မြို့တွင် အခန်း ၂၄ ခန်းပါ အိမ်ရာနှစ်လုံးစီ တည်ဆောက်ထားသည်။

လာမည့်နှစ်တွင် ယင်းကဲ့သို့ အငှားအိမ်ရာများကို ထားဝယ်မြို့တွင် ၃ လုံးနှင့် မြိတ်မြို့တွင် ၅ လုံးကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ကျူးကျော်နေထိုင်သူများကိုသာ ငှားရမ်းခွင့်ပြုပြီး အိမ်ပိုင်မရှိသည့် ဒေသခံများကို ငှားရမ်းခွင့်မပေးသည့်အတွက် ဝေဖန်မှုများ ရှိသည်။

တိုင်းအတွင်း ကျူးကျော်များကို ယင်းသို့ နေရာပေးမည်ဆိုပါက တနင်္သာရီတိုင်းသို့ ကျူးကျော်များ ထပ်မံရောက်လာစေရန် ဖိတ်ခေါ်သကဲ့သို့ အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်ဟု ထောက်ပြပြောဆိုမှုများလည်း ရှိသည်။

Dawei Watch