News

POST TYPE

NEWS

ဘရာဇီးတွင် နိုက်ကလပ်အတွင်းသို့ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုဖြစ်၊ ၁၄ ဦး သေဆုံး
28-Jan-2018


ဘရာဆီးလီးယား၊ ဇန်နဝါရီ ၂၇

ဘရာဇီးနိုင်ငံ အနောက်မြောက်ပိုင်းတွင် အကြမ်းဖက်သမားများ နိုက်ကလပ်တစ်ခုအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြရာ အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။

ဇန်နဝါရီ ၂၇ ရက်တွင် ဖော်တယ်လီဇာမြို့ပြင်ရှိ ကလပ်တစ်ခုအတွင်းသို့ ကားသုံးစင်းဖြင့် ဝင်ရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် လူငယ်နှစ်ဦးပါဝင်ပြီး ၁၂ နှစ်သားအရွယ် ကောင်လေးတစ်ဦး အပါအဝင် လူအမြောက်အများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ဝင်ရောက်တိုက်ခိုက်သူများမှာ မူးယစ်မှောင်ခိုမှုများပြုသည့် ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ပတ်သက်လျက်ရှိသည်ဟု ပြည်တွင်းသတင်း ဌာနတစ်ခု၏ ဖော်ပြချက်အရ သိရသည်။

ဖော်ရိုဒိုဂါဂို ကလပ်မှ သေဆုံးသူဦးရေကို ခီယာရာပြည်နယ် ကာကွယ်ရေးဝန်ကြီးချုပ် အန်ဒရေကော်စတာက သတင်းစာ ရှင်းလင်းပွဲတွင် အတည်ပြုခဲ့သည်။

“ကြောက်ရွံ့ပြီး ထိတ်လန့်နေဖို့ မလိုပါဘူး”ဟု ဂလိုဘို သတင်းဌာနကို မစ္စတာ ကော်စတာက ပြောခဲ့သည်။

“တစ်ကမ္ဘာလုံးမှာ ဖြစ်နေကျလိုမျိုး လူအယောက် ၅၀၊ ၆၀ လောက်သေတဲ့ တစ်ပွဲထိုးပုံစံပါပဲ”ဟု ပြောခဲ့သည်။ “အခုလိုဖြစ်သွားတာကို ရဲတွေလည်း မတားဆီးနိုင်ခဲ့ပါဘူး”ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

ယမန်နှစ်တွင် ခီယာရာ ပြည်နယ်တွင်း လူသတ်မှုပေါင်း ၅၁၄၄ မှုရှိခဲ့ပြီး ၂၀၁၆ ခုနှစ်ထက် ၅၀ ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်ဟု သိရသည်။ ယင်းစံချိန်သည် လူအသေအပျောက်စာရင်းအား စတင် တရားဝင်ထုတ်ပြသည့် ၂၀၁၃ မှစ၍ အမြင့်ဆုံးစာရင်းဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် လူ ၁၁ ဦး သေဆုံးခဲ့သော နိုက်ကလပ် အကြမ်းဖက်မှုမှာ သေဆုံးသူ ဦးရေ အများဆုံး စာရင်းအဖြစ် ယခင်က ဝင်ခဲ့သည့်အမှုဖြစ်သည်။

F-06