News

POST TYPE

NEWS

မူးယစ်ဆေးဝါးရောင်းသူများကို ဖမ်းဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ လက်နက်များ ဖမ်းမိ
25-Jan-2018

ဘားအံ၊ ဇန်နဝါရီ ၂၄

ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာတွင် ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးရောင်းချနေသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာတာဝန်ရှိသူတို့ သွားရောက်ဖမ်းဆီးရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးများနှင့်အတူ လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဘားအံမြို့မရဲစခန်းထံမှ သိရသည်။ 

“မနေ့က ညက တောင်ကလေးလမ်းမပေါ်မှာ တစ်ဦးကို မိတယ်၊ မူးယစ်လိုက်ဖြန့်တဲ့သူ၊ သူကနေပြီး ကွင်းဆက်တွေကို သွားဖမ်းတာ၊ အထဲကနေပြီးတော့ အရင်ပစ်တော့ ပစ်ခတ်မှုကတော့ မိနစ် ၂၀ လောက်ဖြစ်သွားတယ်။ ၃ ယောက်က အထဲကနေပြီး အမ် ၁၆ နဲ့ ကျည်ဘောက်ကုန်အောင်ပစ်တယ်။ ပစ်လည်းပြီးရော လုံးထွေးဖမ်းခဲ့ရတယ်”ဟု ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ရဲအုပ်သက်စိုးဦးက ပြောကြားသည်။ 

အဆိုပါ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပြည်သူနှစ်ဦး၊ KNU/KNLA (PC) အဖွဲ့မှ တပ်ဖွဲ့ဝင်သုံးဦးတို့ သေနတ်ထိမှန်ဒဏ်ရာ ရရှိသဖြင့် ဘားအံဆေးရုံကြီးကို ပို့ဆောင်ဆေးဝါးကုသနေရကြောင်း၊ ဒဏ်ရာရသူများအနက် ပြင်းထန်ဒဏ်ရာရရှိခဲ့သော ဦးစောချစ်ဝင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါ ပစ်ခတ်မှုအပြီး မူးယစ်ဆေးဝါးရောင်းချသူ KNU/KNLA(PC) ဗျူဟာ (၂)၊ ရင်း(၇၀၈) မှ ဗိုလ်ကြီးအဆင့်ရှိသူ စောလွှီညွှန့် (ခ) နဂါး (ခ) လက်ညှိုး အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး၊ အမျိုးသမီး ၃ ဦးနဲ့အတူ ကျပ်သိန်း ၁၈၀ ကျော်ဖိုးရှိသော စိတ်ကြွမူးယစ်ဆေးပြား ၆၀၀၀ ကျော်၊ မော်တော်ယာဉ် ၁ စီး၊ အမ် ၁၆ လေးလက်၊ ကျည်အိမ်တို/ရှည် ၂၄ ခု၊ ၅ ဒသမ ၅၆ ကျည် ၂၉၂ တောင့်၊ ၄၀ မမ ဗုံးပစ်လောင်ချာတစ်လက်၊ ဗုံးသီး ၂၄ လုံး၊ ဒသမ၂၂ ပြောင်းရှည်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၅ တောင့်၊ ဒသမ ၃၀ ကာဘိုင် ကျည် ၁၂၇ တောင့်၊ ကာဘိုင်ကျည် အိမ်တို/ရှည် ၇ ခုကို သိမ်းဆည်းဖမ်းမိခဲ့ကြောင်း ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ထံမှ သိရသည်။

R-17