News

POST TYPE

NEWS

စက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ လိုက်သွားရာက တရုတ်မယားအဖြစ်ရောင်းစားခံရ
24-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂၃ 

တရုတ်နိုင်ငံရှိ ကြွေပြားစက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်၍ တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က ပြန်လည်ရောက်ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

လှိုင်သာယာမြို့နယ်၊ ဒိုင်စုရွာတွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်မာလာ (ခ) ဒေါ်ဌေးဌေးကြည်သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က တစ်ရွာတည်းနေ အသက် ၁၉ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံရှိ ကြွေပြားစက်ရုံတွင် အလုပ်ကောင်းကြောင်း၊ ၆ လ အလုပ်လုပ်ပါက ငွေကျပ် သိန်း ၂၀ ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံ ရှောက်ဝယ်မြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံသို့ ယွမ်ငွေ ၅၅၀၀၀ ဖြင့်ရောင်းစားခဲ့ကြောင်း၊ ယင်းအမျိုးသမီးမှာ ရောင်းစားခံရသည့်နေအိမ်မှ ထွက်ပြေးလာသဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“လူကုန်ကူးခံရပြီး ပြန်ရောက်လာတယ်လို့ သတင်းရတာနဲ့သွားစစ်တာ။ သူက တရုတ်အမျိုးသားနဲ့ ၂ နှစ်လောက် အတူပေါင်းသင်းနေထိုင်ခဲ့ရတယ်။ လစာလည်းမရဘူး၊ အိမ်ပြန်ချင်တယ်ပြောလည်း ပြန်မလွှတ်ဘူး၊ အဲဒါနဲ့ ထွက်ပြေးလာတာ။ ရှောက်ဝယ်မြို့ကနေ ကားကြုံနဲ့လိုက်လာပြီးတော့ ရွှေလီ၊ ရွှေလီကနေ မူဆယ်၊ မူဆယ်ကနေ ရန်ကုန်ပြန်ရောက်လာတာ။ လူကုန်ကူးတဲ့သူကိုတော့ ဇန်နဝါရီလ ၂၁ ရက်နေ့က အမှုဖွင့်အရေးယူထားတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယင်းလူကုန်ကူးမှု ကျူးလွန်သည်ဟုဆိုသော အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးရာ တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးသည့်အတွက် တရုတ်ယွမ်ငွေ တစ်ထောင်ရရှိသည်ဟု ထွက်ဆိုခဲ့ကြောင်း ၎င်းကို လှိုင်သာယာ မြို့မရဲစခန်းသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးဝေလွင်က အမှုဖွင့်တိုင်ကြားခဲ့ရာ ယင်းမြို့မရဲစခန်းက (ပ) ၂၈၉/၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ လူကုန်ကူးမှုပေါင်း ၂၅၅ မှုရှိခဲ့ပြီး လူကုန်ကူးခံရသူ အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၂၄၂ ဦး၊ ကလေး (ကျား) ၁၁ ဦးနှင့် ကလေး (မ) ၄၄ ဦးဖြစ်ကြောင်း၊ ယင်းလူကုန်ကူးမှုများမှ ပြစ်မှုကျူးလွန်သူ အမျိုးသား ၂၁၄ ဦး၊ အမျိုးသမီး ၄၃၀ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။ 

J-16


  • VIA