News

POST TYPE

NEWS

ယာဉ်ကြောလုမောင်းသည့် လိုက်ထရပ်ယာဉ်၏မှန်ကို ရိုက်ခွဲသူ အငှားယာဉ်မောင်းကို ဖမ်းမိ
23-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မရမ်းကုန်းမြို့နယ်၊ အ.ထ.က (၂) ကျောင်းရှေ့ အင်းစိန်လမ်းပေါ်တွင် လိုက်ထရပ်တစ်စီး၏ ရှေ့ခန်းညာဘက်မှန်ကို သံလက်ကိုင်ပါ ကွင်းခွဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့သော အငှားယာဉ်မောင်း အမျိုးသားကို ဇန်နဝါရီလ ၂၂ ရက် ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၄၁ နှစ် အငှားယာဉ်မောင်း ကိုကိုလတ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ၎င်းမောင်းနှင်သည့် ပရိုဘောက် အငှားယာဉ်နှင့် လိုက်ထရပ်ယာဉ်တစ်စီးမှာ အင်းစိန်လမ်းပေါ်တွင် ယာဉ်ကြော လုမောင်းရာမှ ယာဉ်မောင်းနှစ်ဦး စကားများ ရန်ဖြစ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ယင်းနောက် မရမ်းကုန်း အ.ထ.က (၂) ကျောင်းရှေ့အရောက်တွင် ကိုကိုလတ်မှ ယာဉ်ပေါ်မှဆင်း၍ သံလက်ကိုင်ပါ ကွင်းခွဖြင့် လိုက်ထရပ်ယာဉ်၏ ရှေ့ခန်း ညာဘက် မှန်ကို ရိုက်ခွဲခဲ့သည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့ရာ အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ အောင်သုခလမ်းရှိ နေအိမ်တွင် ကိုကိုလတ်ကို ဖမ်းမိခဲ့သည်။

အများပြည်သူ သွားလာနေသည့် လမ်းပေါ်တွင် ကျေနပ်လောက်သည့် အကြောင်းတစ်စုံတစ်ရာ မပြနိုင်ဘဲ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်စွဲကိုင်သူ ကိုကိုလတ်ကို ရန်ကုန်ရဲအက်ဥပဒေ ၃၀(က) ဖြင့် အမှုဖွင့် အရေးယူထားပြီး ကားမှန်အခွဲခံရသည့် လိုက်ထရပ် ယာဉ်ပိုင်ရှင်မှ နစ်နာဆုံးရှုံးမှုအား လာရောက်တိုင်တန်းနိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတို့၏ ဖုန်းနံပါတ်များကို ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန် အသိပေးထားသည်။

S-03