News

POST TYPE

NEWS

ကျောင်းသားများ ကျောင်းထုတ်ခံရမှု ပြည်ထောင်စုအဆင့်အထိတိုင်မည်


မန္တလေး၊ ဇန်နဝါရီ ၂၂

ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်အတွင်းရှိ အမှတ် ၃၅ အခြေခံပညာအထက်တန်းကျောင်းမှ နဝမတန်းကျောင်းသားများကို ကျောင်းထုတ်ခံခဲ့ရခြင်းကို စစ်ဆေးပေးရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများထံ တိုင်ကြားမည်ဖြစ်ကြောင်း ကျောင်းသားမိဘများက ပြောကြားသည်။

မြရည်နန္ဒာရပ်ကွက်အတွင်းရှိ အမှတ် ၃၅ အခြေခံပညာအထက်တန်းကျောင်းမှ နဝမတန်းကျောင်းသားကိုးဦးကို ကြီးမားသည့်အပြစ်မရှိဘဲ ကျောင်းအာဏာပိုင်များက ကျောင်းပြောင်းခွင့်များ ထုတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသားမိဘအချို့က ပြောဆိုသည်။

“ကျွန်မသားက ကျူးကျူးလွန်လွန်အပြစ်မျိုး လုပ်ထားတာမရှိဘူး။ ရှစ်တန်းတုန်းကတစ်ခါ နေ့တစ်ပိုင်းကျောင်းပြေးလို့ဆိုပြီး တစ်ခါ လက်မှတ်ထိုး သတိပေးခံရဖူးတယ်။ ဒီနှစ် နှစ်စပိုင်းမှာလည်း ဆရာမတွေ စာသိပ်မသင်သေးဘူးဆိုပြီး ကျောင်းက အခြားသူငယ်ချင်းတွေနဲ့ လျှောက်လည်တာ တစ်ခါရှိခဲ့ပါတယ်။ ကျောင်းထုတ်ခံရတုန်းကဆိုရင်လည်း ဆယ်တန်းကျောင်းသားအချို့နဲ့ သူတို့အဖွဲ့ကငါးယောက် စကားများကြတယ်။ အဲ့ဒါလည်း စကားများရုံလောက်ပဲ။ ထိုးကြိတ်၊ နပန်းလုံးတာမျိုး မဖြစ်ခဲ့ပါဘူး။ ကျွန်မတောင်းပန်တာကို မရဘူး၊ ကျောင်းထုတ်မယ်ဆိုတာချည်းပဲ ပြောခဲ့တာပါ”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်မြင့်ရီက ပြောကြားသည်။

အခြားကျောင်းသားများမှာလည်း အခြားအခန်းမှ ကျောင်းသူတစ်ဦးနှင့် စကားပြောသည်ဟုဆိုကာ ကျောင်းထုတ်ခြင်းကဲ့သို့သော ပြစ်ဒဏ်များဖြင့် ကျောင်းသားကိုးဦး လက်ရှိပညာသင်နှစ်အတွင်း၌ပင် ကျောင်းထုတ်ခံခဲ့ရသည်ဟု ကျောင်းသားမိဘများနှင့် ၎င်းတို့ကို ကူညီဆောင်ရွက်နေသူများ အဆိုအရ သိရသည်။

“ပညာသင်နှစ်ကလည်း တစ်ဝက်တစ်ပျက်ဖြစ်နေပြီဆိုတော့ ကျောင်းပြောင်းဖို့ရွှေ့ဖို့ ခက်ခဲနေပါတယ်။ ကျွန်မတို့သားတွေကို အခုလိုကျောင်းထုတ်ပစ်တော့ သူတို့ရှေ့ရေးကို ဖျက်ဆီးလိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကျွန်မတို့သားတွေကို ကျောင်းပြန်တက်ခွင့် ပေးစေလိုပါတယ်”ဟု ကျောင်းထုတ်ခံရသည့် ကျောင်းသားတစ်ဦး၏မိခင် ဒေါ်ငယ်ထွေးက ပြောဆိုသည်။

ကျောင်းအနေနှင့်လည်း ကျောင်းသားများကို ကျောင်းထုတ်ခြင်းမဟုတ်ဘဲ ကျောင်းပြောင်းရွှေ့ခိုင်းခြင်းသာဖြစ်ကြောင်း၊ ကျောင်းပြောင်းခွင့်ထုတ်ပေးထားသည့် ကျောင်းသားသုံးဦးသာရှိပြီး ဆိုးသွမ်းသော်လည်း စာလိုက်နိုင်သည့် ကျောင်းသားများကို စာမေးပွဲဖြေဆိုခွင့်ပြုထားကာ မိဘများအနေနှင့် ထိန်းကျောင်းပေးစေလိုသည့်အတွက် မိဘများလက်သို့ ပြန်လည်အပ်နှံထားခြင်းသာဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက တုံ့ပြန်ပြောကြားသည်။

“ဒီကလေးတွေကို ထိန်းကျောင်းလို့မရတော့လို့ လူစုခွဲပေးတာမျိုး လုပ်ချင်တာပါ။ ဒါကိုလုပ်တဲ့အချိန်မှာ ကျောင်းအုပ်ဆရာမကြီးက လက်လွတ်စပယ်လုပ်ခဲ့တာမဟုတ်ပါဘူး။ သူတို့ တခြားကျောင်းတစ်ခုခုမှာ ကျောင်းတက်ခွင့်ရပြီဆိုမှ ကျောင်းပြောင်းခွင့်ထုတ်ပေးခဲ့တာပါ”ဟု ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့် ဆရာဦးဉာဏ်ဝင်းက ပြောဆိုသည်။

အဆိုပါ အထက ၃၅ တွင် ကျောင်းသား ၃၀၀၀ ကျော်ရှိပြီး ဆရာ၊ ဆရာမ ၉၀ ကျော်ဖြင့် သင်ကြားပေးနေကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

M-04