News

POST TYPE

NEWS

ပဲခူးမြစ်ထဲ အမှိုက်ပစ်သည့်ကိစ္စ စည်ပင်စတင်ကိုင်တွယ်


တောင်ငူ၊ ဇန်နဝါရီ ၂၁

ပဲခူးမြို့နယ် ဇိုင်းတောင်ရပ်ကွက်အပါအဝင် ရပ်ကွက်ကြီးလေးခုခန့်ကို ဖြတ်သန်းစီးဆင်းနေသော ပဲခူးမြစ်ထဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက စည်ပင်သာယာရေး ဥပဒေဖြင့် အမှုဖွင့်ကာ အရေးယူမည်ဖြစ်ကြောင်း ပဲခူးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်အောင်က ပြောကြားသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ရေစီးရေလာမကောင်းခြင်း၊ မြစ်ရေညစ်ထေးခြင်းတို့ကြောင့် မြစ်ထဲ အမှိုက်များမစွန့်ပစ်ရန် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ ယင်းနောက် အမှိုက်ပစ်သူများကို ဥပဒေအတိုင်း ဒဏ်ငွေသတ်မှတ်ကာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ပဲခူးမြစ်သည် ပဲခူးမြို့ မြို့မဈေးကြီးအနီးမှဖြတ်ကာ စီးဆင်းသည့်အတွက် ဈေးမှထွက်ရှိသော အမှိုက်များသာမက ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်ရှိ ပဲခူးမြစ်ကူးတံတားပေါ်မှ လူခြေတိတ်ချိန် စည်းကမ်းမဲ့ အမှိုက်များစွန့်ပစ်နေသည့်အတွက် မြစ်ရေညစ်ညမ်းခြင်းသာမက အနံ့ဆိုးများပါ ထွက်ရှိကြောင်း ပဲခူးမြို့ခံများက ဆိုသည်။

လက်ရှိတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စည်ပင်ကော်မတီဝင်များ ဦးဆောင်ကာ ပဲခူးမြစ်ကမ်းနှစ်ဖက်ရှိ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းကာ ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက မြစ်ထဲအမှိုက်စွန့်ပစ်သူများကို စည်ပင်သာယာရေးဥပဒေဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်မည်ဖြစ်သည်။

“အမှိုက်တွေက မြစ်ထဲမျောပါနေတာကို သွားကြည့်ရင်တောင် မနည်းဘူး။အမှိုက်ပုံတွေကလည်း ကမ်းနှစ်ဖက်မှာ မြင်လို့တောင်မကောင်းဘူး။ အရေးယူရင်တောင် ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”ဟု ပဲခူးမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။

ပဲခူးရိုးမပေါ်မှ မြစ်ဖျားခံကာ စီးဆင်းလာသော ပဲခူးမြစ်သည် ပဲခူးမြို့နယ် ဇိုင်းတောင်၊ ဇိုင်းမြောက်အပါအဝင် ရပ်ကွက်ကျေးရွာအချို့သာမက ပဲခူးမြို့မဈေးကြီးအနီးမှ ဖြတ်သန်းစီးဆင်းနေခြင်းက နေ့စဉ် အမှိုက်တန်ချိန်များစွာ မြစ်ထဲစည်းကမ်းမဲ့ စွန့်ပစ်ခံနေရကြောင်း ပဲခူးဒေသခံများထံမှ စုံစမ်းသိရှိရသည်။

R-15