News

POST TYPE

NEWS

မြေပြင်မိုးလေဝသ တိုင်းထွာရေးစခန်းများကို ကိုရီးယားအကူအညီဖြင့် အဆင့်မြှင့်


မန္တလေး၊ ဇန်နဝါရီ ၂၁

မြေပြင်မိုးလေဝသ တိုင်းထွာရေးစခန်း ၄၀ ကို ကိုရီးယားနိုင်ငံအကူအညီဖြင့် အဆင့်မြှင့်တင်လျက်ရှိရာ လက်ရှိတွင် ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန (နေပြည်တော်) ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသည့် တိုင်းထွာရေးစနစ်များသည် လူအင်အားဖြင့် လိုက်လံတိုင်းတာရသည့်စနစ်များ ဖြစ်ကြောင်း၊ မြေပြင်မိုးလေဝသတိုင်းထွာရေးစခန်းများမှ တိုင်းတာရေးစနစ်များကို အလိုအလျောက်တိုင်းတာသည့်စနစ်အဖြစ် အစားထိုးပြောင်းလဲလျက်ရှိကြောင်း၊ ယင်းသို့ အဆင့်မြှင်တင်လိုက်ခြင်းဖြင့် အပူချိန်၊ လေတိုက်နှုန်း၊ လေဖိအား၊ မိုးရေချိန်နှင့် စိုက်ပျိုးရေးအထောက်အကူပြု သတင်းအချက်အလက်များကို ပိုမိုတိကျမှန်ကန်စွာ ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန (နေပြည်တော်) အင်ဂျင်နီယာမှူး ဦးဌေးလွင်က ပြောကြားသည်။

“အလိုအလျောက်တိုင်းတာမှာဖြစ်တဲ့အတွက် လူတွေကနေပြီးတော့ လိုက်တိုင်းနေစရာမလိုတော့ဘူး။ စက်တွေကနေပြီးတော့ တိုင်းမယ်။ လူတွေတိုင်းတဲ့အခါမှာ မှားတဲ့အခါလေးတွေ ရှိတာပေါ့။ ဒါတွေကို ကျော်လွှားနိုင်မယ်။ အချိန်ပြည့်ဖတ်လို့ရမယ်။ အချိန်မရွေးကြည့်လို့ရမယ်၊ မှန်ကန်တိကျတဲ့ အချက်အလက်တွေလည်း ရလာမှာဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံရှိ မြေပြင်မိုးလေဝသတိုင်းထွာရေးစခန်းပေါင်း ၄၀ ကို အဆင့်မြှင့်တင်မည်ဖြစ်ရာ ဇန်နဝါရီလ ၈ ရက်နေ့မှ လက်ရှိအချိန်အထိ စခန်း ၂၀ တွင် အဆင့်မြင့်တင်ထားပြီးဖြစ်ကြောင်း၊ ကျန်စခန်း ၂၀ ကိုလည်း ယခုနှစ်အတွင်း အပြီးလုပ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန (နေပြည်တော်) ထံမှ သိရသည်။

M-04