News

POST TYPE

NEWS

နေအိမ်လာပြီး အရက်သောက်သူကို အိမ်ရှင်က အရက်ပုလင်းနှင့် ရိုက်သတ်
ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် နေအိမ်သို့လာပြီး အရက်သောက်သုံးသူ ဧည့်သည်ကို အသက် ၃၆ နှစ်အရွယ် အိမ်ရှင်အမျိုးသားက အရက်ပုလင်းနှင့် ရိုက်သတ်မှု ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

အရက်ပုလင်းနှင့် ရိုက်သတ်ခံရသူ အသက် ၄၆ နှစ်အရွယ် ဦးကြည်လှိုင်သည် ယင်းနေ့က အထက်ပါနေအိမ်သို့ အရက်သွားသောက်စဉ် အိမ်ရှင်အမျိုးသားနှင့် စကားများရန်ဖြစ်ရာက အိမ်ရှင် ဦးဇေယျာလွင်က အရက်ပုလင်းနှင့် ရိုက်နှက်ခဲ့ရာ ဘယ်မျက်ခုံးပေါက်ပြဲဒဏ်ရာ၊ ဘယ်/ညာ ဒူးပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ဇန်နဝါရီလ ၂၀ ရက် ည ၇ နာရီခန့်က သေဆုံးသွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒဏ်ရာနဲ့ လဲနေတာတွေ့လို့ စစ်ဆေးလိုက်တော့ ဘေးနားမှာ အရက်ပုလင်းကွဲတွေ တွေ့တယ်။ အဲဒါနဲ့ ဖြစ်စဉ်ကို စုံစမ်းကြည့်တော့ ပြစ်မှုကျူးလွန်သူရဲ့အိမ်မှာ အရက်သောက်ရင်း စကားများရန်ဖြစ်တာရှိတယ်လို့ သိရတာ၊ အဲဒါနဲ့ အိမ်ရှင်အမျိုးသားကို စုံစမ်းကြည့်တော့ သူကထွက်ပြေးနေတာ။ မနေ့ညကသူ့ကို ရွှေပြည်သာမှာဖမ်းမိခဲ့တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လူသတ်မှုကျူးလွန်သည်ဟုဆိုသော ကိုဇေယျာလွင်ကို ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်၊ ပန်းခြံ (၁၆) ရှိ ၎င်း၏ ညီဝမ်းကွဲတော်စပ်သူနေအိမ်တွင် ဇန်နဝါရီလ ၂၀ ရက် ည ၁၀ နာရီခန့်က ဖမ်းမိခဲ့ပြီး ဒဂုံမြို့သစ် (အရှေ့) ပိုင်းမြို့မရဲစခန်းက (ပ) ၇၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

J-16