News

POST TYPE

NEWS

စပါးအစိုဓာတ်တိုင်းကိရိယာ စံနှုန်းများကို စစ်တမ်းစကောက်
22-Jan-2018 tagged as ရန်ကုန် စပါး



ရန်ကုန်၊ ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံတွင် သုံးစွဲမှုနည်းပါးပြီး အရည်အသွေးမမီသည့် စပါးအစိုဓာတ်တိုင်း ကိရိယာများကို သုံးစွဲလျက်ရှိသောကြောင့် ယင်းကိရိယာစံနှုန်းများကို ဇန်နဝါရီလ တတိယပတ်မှစကာ စစ်တမ်းများ ကောက်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်က ပြောကြားသည်။ 

လက်ရှိပြည်တွင်းတွင် တရုတ်နိုင်ငံထုတ် စပါးအစိုဓာတ်တိုင်း ကိရိယာကိုသာ အများဆုံးအသုံးပြုလျက်ရှိပြီး ယင်းကိရိယာမှာ အရည်အသွေး မပြည့်မီသောကြောင့် စပါးတွင် အစိုဓာတ်ပါဝင်သည့် ပမာဏကို တိတိကျကျ၊ မှန်မှန်ကန်ကန်မသိရှိရဘဲ တောင်သူများ ဈေးနှိမ်ခံရခြင်းများနှင့် ရင်ဆိုင်နေရကြောင်း ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

“အစိုဓာတ်တိုင်း ကိရိယာတွေကို မြန်မာနိုင်ငံမှာ သုံးစွဲမှုနည်းသေးတယ်။ လက်ရှိ တရုတ်ကထုတ်တဲ့ အစိုဓာတ်တိုင်း ကိရိယာတွေကိုပဲ သုံးနေကြတာ။ စပါးက အစိုဓာတ်အနည်း၊ အများပေါ် မူတည်ပြီး ဈေးနှုန်းကကွာတယ်။ တရုတ်ပစ္စည်းက ပေါတယ်၊ ရလွယ်တယ်ဆိုပေမယ့် ဈေးနှုန်းအကဲဖြတ်တာ မမှန်တဲ့အတွက် ဆုံးဖြတ်ချက်တွေမှားတယ်။ ဒါကြောင့် မှန်ကန်တဲ့ပစ္စည်းကို သုံးစေချင်လို့ ဒီစစ်တမ်းကိုလုပ်တာပါ”ဟု ဒေါက်တာမျိုးအောင်ကျော်က ပြောဆိုသည်။ 

စပါးအစိုဓာတ်တိုင်း ကိရိယာစံနှုန်းများနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူရာတွင် ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ ပေါင်းတည်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုမြို့နှင့် ဝက်လက်မြို့နယ်တို့ရှိ လယ်သမား ၆ ဦး၊ စက်ပိုင် ၆ ဦး၊ စပါးပွဲစား ၂ ဦး၊ ဆန်ကုန်သည် ၂ ဦးနှင့် ရန်ကုန်မြို့၊ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်စပါးပြည်ပတင်ပို့သည့် လုပ်ငန်းရှင် ၆ ဦးခန့်ကို စစ်တမ်းတွင်လိုအပ်သည့် အချက်အလက်များကို မေးမြန်းကောက်ယူသွားမည်ဖြစ်ကာ ယင်းစစ်တမ်းကို ၂၀၁၈ ခုနှစ် မှ ၂၀၁၉ အထိ ၂ နှစ်ကြာ ကောက်ယူမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။ 

“ကျွန်တော်တို့က နေရာအနှံ့ကို လျှောက်မကောက်ဘူး။ အခုရွေးထားတဲ့ အဲဒီဒေသကစက်ပိုင်တွေ၊ လယ်သမားတွေကိုပဲ စပါးရိတ်တဲ့ရာသီမှာလည်း စစ်တမ်းအတွက်လိုအပ်တဲ့ မေးခွန်းတွေမေးပြီး ကောက်သွားမှာ။ မြန်မာနိုင်ငံရဲ့ ပြဿနာက ဈေးသက်သာရင် သုံးတယ်ဆိုတဲ့ အတွေးတွေပေါ့။ ဆန်စပါး စံချိန်စံညွှန်းဥပဒေနဲ့အညီ မှန်မှန်ကန်ကန် သုံးစွဲတတ်ဖို့လည်း ကျွန်တော်တို့ ထိန်းကျောင်းနေပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်က ဆက်လက်ပြောဆိုသည်။ 

ယခုစစ်တမ်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အစိုဓာတ်တိုင်းကိရိယာများ ထုတ်လုပ်သည့် ဂျပန်နိုင်ငံမှ JDS ကုမ္ပဏီ၊ စပါးအစိုဓာတ် တိုင်းတာသည့် အရည်အသွေးစစ် ပြည်တွင်းကုမ္ပဏီများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်လည်း သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍ အရည်အသွေးကောင်းသည့် စပါးအစိုဓာတ်တိုင်း ကိရိယာများသုံးစွဲရေးအတွက် သင်တန်းများပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

J-11