News

POST TYPE

NEWS

ကနီတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေး အရိုက်ခံရ၍ ဆေးရုံရောက်
21-Jan-2018

ကလေး၊ ဇန်နဝါရီ ၂၁ 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အုမ္မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အုပ်စုစာရေးတစ်ဦးတို့သည် ဇန်နဝါရီလ ၁၈ ရက်နေ့က ရပ်ကျေးတာဝန် ထမ်းဆောင်နေစဉ် အုပ်စုဖွဲ့ ရိုက်နှက်ခံရသည့်အတွက် မုံရွာဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ကနီမြို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ဦးဝင်းဇော်ခိုင်က ပြောကြားသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်က အုမ္မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနန်းဦးချစ်နှင့် ကျေးရွာစာရေး ဦးသိန်းဦးတို့သည် အုမ္မကျေးရွာအုပ်စုအတွင်းရှိ မုတ်ချောင်းကျေးရွာသို့ သွားရောက်ကာ မုတ်ချောင်းရွာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရွာတာဝန်ခံများ၏ ကိုယ်ရေးအချက်အလက်များကို သွားရောက် ကောက်ယူခဲ့ရာတွင် ယင်းသို့ ရိုက်နှက်ခံရခြင်းဖြစ် ကြောင်း ၎င်းတို့၏အဆိုအရ သိရသည်။ 

အဆိုပါ အချက်အလက်များ ကောက်ယူအပြီး ညနေ ၆ နာရီခွဲခန့်တွင် ပြန်ရန် ဆိုင်ကယ်ပေါ်တက်စဉ် လူငါးဦး ရောက်လာကာ ၎င်းတို့ကို နောက်မှနေ၍ ချိန်းကြိုးများဖြင့် ရိုက်နှက်ခဲ့သဖြင့် အုပ်ချုပ်ရေးမှူး၏ ဦးခေါင်းတွင် ဒဏ်ရာများရရှိပြီး ကျေးရွာစာရေး၏ ဝဲဘက်မျက်လုံးတွင် ညိုမည်း ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာမြို့ ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း အုမ္မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနန်းဦးချစ်က ရှင်းပြပြောဆိုသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဝိုင်းရိုက်သူများမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းလျက်ရှိကြောင်း ဝန်မနား နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းတင့်က ပြောကြားသည်။ 

အဆိုပါ ဖြစ်စဉ်အပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှသာ အသိပေးလာသည့်အတွက် ဖြစ်ချိန်နှင့် အမှုဖွင့် ချိန်ကြာမြင့်ပြီး ပြစ်မှုကျူးလွန်သူများကို ချက်ချင်း ဖမ်းမမိနိုင်ခြင်းဖြစ်နိုင်ကြောင်း ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက သုံးသပ်ပြောဆိုသည်။ 

R-20