News

POST TYPE

NEWS

ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲ
ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အခမ်းအနားနေ့ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ဇန်နဝါရီလ ၁၆ ၌ ကျင်းပရာတွင် ဒေါက်တာ အေးမောင်နှင့် ရခိုင်စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောချက်များအပေါ် ပုဒ်မ ၁၂၂ ဖြင့် အရေးယူနိုင်ရန် စစ်တွေဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးက စစ်တွေမြို့နယ် တရားရုံးထံ ဦးတိုက် လျှောက်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ဟောပြောချက်များကို ပုဒ်မ ၁၂၂ ဖြင့် အရေးယူနိုင်ရန် နိုင်ငံတော် သမ္မတသည် ဇန်နဝါရီလ ၁၇ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ အရ အမိန့်စာ ထုတ်ပြန်၍ အာဏာအပ်နှင်းခဲ့သည်။

“သူရဲ့ လုပ်ထုံလုပ်နည်းအရ တရားသူကြီးကို ဦးတိုက် လျှောက်ထားရတယ်။ တာဝန်ပေးအပ်ခံရတဲ့အရာရှိက တစ်နည်းအားဖြင့် အစိုးရသက်သေက ဦးတိုက်လျှောက်တာပါ။ တရားရုံးကို အကုန်လုံး လျှောက်ထားပြီးပါပြီ။ တရားသူကြီးက ဝရမ်းထုက်မှာပေါ့။ ပုဒ်မ ၁၂၂ နဲ့လေ။ ဆွဲမှာပါ။ ဒီပုဒ်မက တခြားပုဒ်မတွေနဲ့ မတူဘူး။ နိုင်ငံတော်သမ္မတက ခွင့်ပြုမှရတာ”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက The Voice သတင်းစာသို့ အတည်ပြု ပြောဆိုသည်။

လက်ရှိအချိန်၌ ရသေ့တောင်မြို့နယ်၌ ဒေါက်တာ အေးမောင်နှင့်အတူ ဟောပြောခဲ့သော ကိုဝေဟင်အောင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊၁၇(၁) တို့ဖြင့် အမှုဖွင့်ပြီး စစ်တွေထောင်၌ ဖမ်းဆီးထားပြီးဖြစ်သည်။

အလားတူ မြောက်ဦးမြို့ ရှေ့ဟောင်းဇုန်ရှိ နန်းတော်ကုန်း၌ ရခိုင်နိုင်ငံတော် အချုပ်ခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ ယင်းနေရာ၌ ကျင်းပခွင့် မပြုခြင်းကြောင့် ဒေသခံ ၄၀၀၀ ခန့်သည် ည ၁၀ နာရီ၊ ၂၀ မိနစ်ခန့်က ခရိုင်ထွေ/အုပ်ရုံး အတွင်းသို့ ဝင်ရောက်ရာမှ ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်၌ ဦးဆောင်သူနှင့် ပူးပေါင်း ကူညီသူများကို ပုဒ်မ ၁၂၂ (နိုင်ငံတော် ပုန်ကန်မှု)ဖြင့် အရေးယူရန် သမ္မတက ခွင့်ပြုထားပြီးဖြစ်သည်။

မြောက်ဦးပဋိပက္ခဖြစ်စဉ်၌ ဒေသခံ ၇ ယောက်သေ၍ ၁၂ ယောက် ဒဏ်ရာ ရရှိခဲ့သည်။

J-07