News

POST TYPE

NEWS

နှစ် ၁၆၀ ကျော်သက်တမ်းရှိ ကျွန်းစိုက်ခင်းအတွင်း ဆင်စခန်းဖွင့်
20-Jan-2018 tagged as ဆင် သစ်တော


ပြည်၊ ဇန်နဝါရီ ၂၀ 

ပြည်မြို့မှ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိနေပြီဖြစ်သည့် ဂျာမန်သစ်တောပညာရှင် ဒေါက်တာဘရန်းဒစ် ကျွန်းစိုက်ခင်းအတွင်း နိုင်ငံခြားသားများနှင့် ပြည်သူလူထု လေ့လာအပန်းဖြေနိုင်ရန် ဆင်စခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်း ဒုတိယတိုင်း အထွေထွေ မန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။

အဆိုပါ ဆင်စခန်းမှာ ပြည်မြို့နယ်၊ ဆရာအတတ်သင်ကျောင်းအနီး၊ ရန်ကုန်- ပြည် ကားလမ်းနံဘေးတွင်တည်ရှိကာ ဂျာမန်လူမျိုးသစ်တောပညာရှင် ဒေါက်တာ ဘရန်းဒစ်က ၁၈၅၇ ခုနှစ်က စတင်၍ ကျွန်းသစ်ကို အလေ့ကျပေါက်ရောက်ခြင်းမျိုးမဟုတ်ဘဲ စမ်းသပ်၍ ပထမဆုံး စတင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းလည်းဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

“ဒီထဲကိုအရင်က ပြင်ပလူဝင်ခွင့်မပြုပါဘူး။ အခုနောက်ပိုင်းကတော့ ဒီအထဲကို ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ အပင်တွေရဲ့သဘာဝကိုလည်း လေ့လာနိုင်အောင်ရယ် ကျွန်တော်တို့ဆင်စီးတဲ့ ဆင်တွေနဲ့ ထိတွေ့တဲ့လုပ်ငန်းလေးတွေလည်း ရနိုင်အောင်ရယ် ရည်ရွယ်ပြီးဖွင့်လှစ်တယ်”ဟု ပဲခူးတိုင်းဒေသကြီး မြန်မာသစ်လုပ်ငန်း ဒုတိယ တိုင်းအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက ပြောဆိုသည်။

အဆိုပါ စိုက်ခင်းအတွင်းစနစ်တကျ စိုက်ပျိုးထားသည့် သက်တမ်း ၁၆၀ ကျော် ရှိ အကြီးဆုံးကျွန်းပင်ကြီးများကို ဆင်စီး၍ အပန်းဖြေရင်း လေ့လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်းစိုက်ခင်းထဲမှာ ကျွန်းပင်တွေရဲ့ သဘာဝ အလှအပတွေကိုကြည့်လို့ရမယ့် သဘာဝ တောလိုပဲ ဒီမြို့နဲ့နီးတဲ့နေရာမှာ သဘာဝတောကြီးလို့ ခံစားရမယ်”ဟု မြန်မာ့သစ်လုပ်ငန်း ပြည်ခရိုင် လက်ထောက် အထွေထွေမန်နေဂျာ ဦးတင်မင်းဦးက ပြောဆိုသည်။

အဆိုပါ ဆင်စခန်းဝင်ကြေးကို ပြည်တွင်းတစ်ဦးလျှင် ငါးရာကျပ်၊ ဆင်စီး ပါက ခရီးတိုနာရီဝက်ခန့်ကို တစ်ဦးလျှင် ငါးထောင်ကျပ်၊ ခရီးရှည် တစ်နာရီခန့်ကို တစ်ဦးလျှင် တစ်သောင်းကျပ်၊ ဆင်တစ်ကောင်လျှင်သုံးဦးစီးခွင့်ရှိပြီး တစ်စီးလုံးငှားပါက သုံးသောင်းကျပ်နှင့် နိုင်ငံခြားသား တစ်ဦးလျှင် ဝင်ကြေးနှင့် ဆင်စီးခသုံး သောင်းကျပ် တစ်ပြိုင်နက် ကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ စုံစမ်း သိရှိရသည်။

ပဲခူးတိုင်းအတွင်း ဝင်္ဂဘော်ဆင် စခန်း၊ မှော်ရောကြီးဆင်စခန်း၊ ဖိုးကျား ဆင်စခန်း၊ မုက္ခာရေတံခွန်ဆင်စခန်းနှင့် နတ်မှော်ဆင်စခန်းစသည့် ဆင်စခန်း များကိုဖွင့်လှစ်ထားပြီး ယခုဆင်စခန်း အတွင်း နှစ်ပေါင်း၁၆၀ ကျော်သက်တမ်းရှိ ကျွန်းပင်ကြီးများ လေ့လာခြင်း၊ တောတွင်း လှည့်လည်ခြင်း၊ ဆင်များနှင့်နီးစပ်မှုရှိ စေရန် ရည်ရွယ်၍ ဒေါက်တာဘရန်းဒစ် ကျွန်းစိုက်ခင်းဆင်စခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနတာဝန်ရှိသူများထံမှ သိရသည်။

M-06