News

POST TYPE

NEWS

အလှမယ်ရွှေအိမ်စည်က မယ်စကြဝဠာမြန်မာအဖွဲ့အစည်းမှ ဒေါ်စိုးယုဝေကို အမှုဖွင့်
20-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂၀

အလှမယ်ရွှေအိမ်စည်က မယ်စကြဝဠာ မြန်မာအဖွဲ့အစည်း၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်စိုးယုဝေကို ဇန်နဝါရီလ ၁၉ ရက်နေ့က ရန်ကင်းမြို့မရဲစခန်းတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ(၁၀)ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

ရွှေအိမ်စည်သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Grand International ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည့် အလှမယ်ဖြစ်ပြီး ပြိုင်ပွဲကျင်းပခါနီး ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့က စည်းကမ်း သတ်မှတ်ချက်များနှင့် မညီညွတ်သောကြောင့် ထုတ်ပယ်ခံခဲ့ရသည်။ ယင်းနောက် နှစ်ဖက်အကြား အပြန်အလှန် ပြစ်တင်ပြောဆိုရာမှ အလှမယ် ရွှေအိမ်စည်က ၎င်း၏ ဂုဏ်သိက္ခာ ကျဆင်းစေမှုနှင့် အသရေဖျက်ရေးသားမှုအတွက် အွန်လိုင်း၊ သတင်းစာ၊ ဂျာနယ်တို့မှတစ်ဆင့် ဝန်ချတောင်းပန်ရန်နှင့် နစ်နာကြေး ကျပ်သိန်း ငါးထောင်ပေးလျော်ရန် ဇန်နဝါရီလ ၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။ 

“သတင်းစာမှာပါပြီး ၁၄ ရက်အတွင်း ဝန်ချတောင်းပန်ခြင်း မပြုရင် တရားစွဲဆိုမယ်လို့ အသိပေးခဲ့ပြီးသားပါ။ အခု သတ်မှတ်ထားတဲ့ရက် ပြည့်သွားလို့ ရဲစခန်းမှာ ဥပဒေလမ်းကြောင်းအရ အမှုဖွင့် တိုင်ကြားခဲ့တာပါ”ဟု ရွှေအိမ်စည်၏ ဥပဒေအကြံပေးရှေ့နေတစ်ဦးက ပြောသည်။ 

အလှမယ် ရွှေအိမ်စည်ဘက်က အမှုဖွင့် တိုင်ကြားထားပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ(၁၀) ဖြင့် အမှုဖွင့် အရေးယူခံရသည့် မယ်စကြဝဠာ မြန်မာအဖွဲ့အစည်း၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်စိုးယုဝေဘက်မှ ပြန်လည်အမှုဖွင့် တိုင်ကြားမှု ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းအထိ မရှိသေးကြောင်း ရန်ကင်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အမှုဖွင့်ခံရသူ ဒေါ်စိုးယုဝေဘက်ကလည်း ဇန်နဝါရီလ ၁၇ ရက်နေ့က အလှမယ် ရွှေအိမ်စည်၏ သတင်းစာတွင် အသိပေး ထုတ်ပြန်ကြေညာချက်မှာ မယ်စကြဝဠာ မြန်မာအဖွဲ့အစည်းနှင့် ဒေါ်စိုးယုဝေ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည့်အတွက် ကျေနပ်သည်အထိ ဝန်ချတောင်းပန်ရန်၊ မယ်စကြဝဠာအဖွဲ့အစည်းက ချီးမြှင့်ထားသော အဆောင်အယောင်၊ ဆုကြေးငွေများကို ပြန်လည် အပ်နှံရန်နှင့် ယင်းသို့ မလုပ်ဆောင်ပါက တည်ဆဲဥပဒေများအရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း တုံ့ပြန်ကြေညာချက် ထုတ်ခဲ့သည်။ 

S-03