News

POST TYPE

NEWS

ပုသိမ်မြို့ကမ်းနားဈေးတွင် တားမြစ်ဆိုးဆေးသုံးထားသော မျှင်ငါးပိများတွေ့
20-Jan-2018


ပုသိမ်၊ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် (၂) ရပ်ကွက် ကမ်းနားဈေးရှိ စားသုံးကုန် နှင့် အလှကုန်ပစ္စည်း ရောင်းချသည့်ဆိုင်များကို ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA မှ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးရာ တားမြစ်ဆိုးဆေး အသုံးပြုထားသော မျှင်ငါးပိများကို တွေ့ရှိကာ သိမ်းဆည်းဖျက်ဆီးခဲ့ကြောင်း ယင်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

ဈေးအတွင်း ရောင်းချသော အရောင်သုံးသည့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ အသင့်စားယိုစုံနှင့် သရေစာမုန့် အမျိုးမျိုး၊ ငါးပိ ငါးခြောက်နှင့် ပုစွန်ခြောက်၊ ငံပြာရည်၊ ငါးချဉ်၊ ပုစွန်ချဉ်၊ မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲ၊ ခေါက်ဆွဲခြောက်၊ ပဲပြား၊ ပဲသွေး၊ အမဲသွေးခဲ၊ လက်ဖက်မျိုးစုံ၊ လက်ဖက်ခြောက်၊ ရေသန့်စသည့် စား သောက်ကုန် ၂၅ မျိုး နှင့် အလှကုန်ပစ္စည်း နှုတ်ခမ်းဆိုးဆေး ၄ မျိုးကို နမူနာ ကောက်ယူ စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် မျှင်ငါးပိတွင် တားမြစ်ထားသော Rhodamine–B ပါဝင်သည့် ပန်းရောင်ဆိုးဆေးကို စစ်ဆေးတွေ့ရှိရကြောင်း ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးထွန်းကျော်က ပြောသည်။

တားမြစ်ဆိုးဆေးသုံးထားသော ငါးပိမှာ ကိုယ်တိုင် ထုတ်လုပ်ခြင်းမဟုတ်ဘဲ ပုသိမ်မြို့ဈေးကြီးတွင် လက်ကားရောင်းချသော ဆိုင်များမှတစ်ဆင့် ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း ဆိုးဆေးပါသော မျှင်ငပိကို တွေ့ရှိရာဆိုင်မှ ဆိုင်ရှင် ဒေါ်ပုကဆိုသည်။

တားမြစ်ထားသော ဆိုးဆေးများ၊ ဓာတုပစ္စည်းများကို ထည့်သွင်းရောင်းချသော ထုတ်လုပ်သူ၊ ကုန်သည်၊ လက်လီ လက်ကား ရောင်းချသူရှိသည့်အနက် ဆိုးဆေးအသုံးပြုရန် စေခိုင်းသူကို ပညာပေးခြင်း၊ အပြစ်ဒဏ် သတ်မှတ်အရေးယူခြင်း၊ လုပ်ငန်း ပိတ်သိမ်းခြင်းအထိ စီမံရေးရာ နည်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်က ပြောသည်။

စားသောက်ကုန်များအား ကြာရှည်ခံရန်အတွက် ဖော်မလင်အသုံးပြုထားသည့် စားသောက်ကုန်များ စားသောက်မိပါက ကင်ဆာရောဂါနှင့် အရေပြား ယားယံခြင်း ဖြစ်စေကြောင်း၊ တားမြစ်ထားသည့် Rhodamine–B ပါသော ပန်းရောင်ဆိုးဆေး သုံးထားသည့် စားသောက်ကုန်များကို တစ်ကြိမ်တည်း များများစားမိပါက အစာအိမ်ရောဂါ ဖြစ်တတ်ပြီး ကြာရှည်စွာ စားသုံးပါက ကင်ဆာရောဂါ၊ အသည်းရောဂါတို့ ဖြစ်ပွားကြောင်း ၎င်းက ပြောဆိုသည်။ 

“တစ်ပြေးညီ အရေးယူ ဆောင်ရွက်စေချင်တယ်၊ အရေးယူနိုင်တဲ့ဟာ ယူမယ်၊ အရေးမယူနိုင်တဲ့ဟာ မယူဘူးဆိုရင်တော့ တားမြစ်ချက် စည်းကမ်းလိုက်နာသူတွေအတွက် ကိုယ့်မျှင်ငါးပိကို ဝယ်သူ မရှိတော့ဘူးပေါ့၊ လွှတ်နေသူ လွှတ်နေနိုင်တာမို့ ဈေးကွက်အတွင်း စောင့်ကြည့်ထိန်းသိမ်းနိုင်တဲ့ ကော်မတီလိုမျိုးနဲ့ ဖိဖိစီးစီးလုပ်တာ ပိုကောင်းမယ်”ဟု ပုသိမ်၊ မြို့မဈေးရှိ ငါးပိ ငံပြာရည် ငါးခြောက်မျိုးစုံ ရောင်းချသူ ဦးအောင်ဝင်း အကြံပြုသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ရေချိုငါးပိ (ငါးငါပိ) နှင့် မျှင်ငါးပိ (ဂွေး ပုစွန်ငါးပိ) နှစ်မျိုးရှိကြောင်း၊ ရေချိုငါးပိကို (ငါးငါးပိ) ပုသိမ်၊ မအူပင်ခရိုင်မြို့နယ်များရှိ ရေချိုငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှ ထုတ်ကြပြီး မျှင်ငါးပိ (ဂွေးပုစွန်ငါးပိ) ကို ပုသိမ်၊ ငပုတော၊ ချောင်းသာ၊ ငွေဆောင်မြို့နယ်များ၊ လပွတ္တာနှင့် ဖျာပုံခရိုင်တို့ရှိ ပင်လယ်ငါးလုပ်ငန်းရှိရာ ဒေသများက ထုတ်လုပ်ကြသည့်အနက် ဖျာပုံခရိုင်သည် မျှင်ငါးပိ (ဂွေးပုဇွန်ငါးပိ) အများဆုံး ထုတ်လုပ်သည့်ဒေသဖြစ်ကြောင်း ငါးပိကုန်သည်များထံမှ သိရသည်၊။

R-12