News

POST TYPE

NEWS

ခရီးသည်တင်ကား သစ်ပင်နှင့် တိုက်မိ၍ ခုနစ်ဦး ဒဏ်ရာရ
19-Jan-2018

မုံရွာ၊ ဇန်နဝါရီ ၁၈

မုံရွာမှ ကလေးမြို့သို့ ထွက်ခွာလာသည့် အောင်ကမ္ဘာယာဉ်လိုင်းမှ ခရီးသည် တင်ကားတစ်စီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ဒီပဲယင်းမြို့အဝင်တွင် လမ်းဘေးထိုးကျပြီး သစ်ကိုင်းနှင့် အမိုးကိုင်းချိတ်ပါခဲ့ခြင်းကြောင့် ခရီးသည်ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒီပဲယင်းမြို့ သဗ္ဗသုခ လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါကား လမ်းဘေးထိုးကျခဲ့ခြင်းသည် မည်သည့်အကြောင်းရင်းကြောင့်ဟု အတိအကျမပြောဆိုနိုင်ကြောင်း၊ ကားခေါင်မိုးမှာ လမ်းဘေးသစ်ပင်နှင့် ချိတ်ပါသွားသည့်အတွက် ခရီးသည်များ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ဒီပဲယင်း မြို့ဆေးရုံမှတစ်ဆင့် မုံရွာဆေးရုံသို့ အမျိုးသားလူနာလေးဦး ကနဦးလွှဲပြောင်းရောက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိပြီး လူနာများ ထပ်မံရောက်ရှိလာနိုင်သေးကြောင်း မုံရွာဆေးရုံ မှုခင်းဆေးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းကားပေါ်တွင် ခရီးသည် ၁၅ ဦးခန့် ပါရှိပြီး ခရီးသည်ခုနစ်ဦးမှာ ထိခိုက်ဒဏ်ရာရသည့်အတွက် ဒီပဲယင်းဆေးရုံတွင် ကနဦးတက်ရောက်နေရာမှ လေးဦးကို မုံရွာဆေးရုံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ခရီးသည်တစ်ဦးက ပြောကြားသည်။

R-08