News

POST TYPE

NEWS

မိုးကုတ်တွင် မူးယစ်ဆေးသုံးထားသူက အိမ်ကိုမီးရှို့
19-Jan-2018

မန္တလေး၊ ဇန်နဝါရီ ၁၈

မိုးကုတ်မြို့နယ် ရေပူကျေးရွာအုပ်စု အုန်းကိုင်းရွာသစ်ရပ်၌ မူးယစ် ဆေးသုံးစွဲထားသူတစ်ဦးက နေအိမ်မီးရှို့မှု ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ကျော်၌ ဖြစ်ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အသက် ၃၉ နှစ်အရွယ်ရှိ အောင်စိုးဆိုသူသည် ၎င်းနေထိုင်ရာနေအိမ် အပေါ်ထပ်တွင် အဝတ်အထည်များကို စတင်မီးရှို့ရာမှ နေအိမ်ထရံများကိုပါ ကူးစက်လောင်ကျွမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ယင်းနောက် နေအိမ်အောက်ထပ်သို့ဆင်းကာ ထပ်မံမီးရှို့မည်ဟုပြောသဖြင့် ရပ်ကွက်ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးရာ အောင်စိုးသည် အရိုးအသွား ၁၃ လက်မရှိ ဓားဦးချွန်ဖြင့် ရန်ပြုခဲ့သည့်အတွက် လုံးထွေးဖမ်းခဲ့ရကြောင်း ဒေသခံများအဆိုအရလည်း သိရသည်။

အောင်စိုး၏ အခန်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာတွင် မူးယစ်ဆေးများ မတွေ့သော်လည်း မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ဓား၊ လှံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောင်စိုးကို မိုးကုတ်မြို့မရဲစခန်းက (ပ) ၁၂/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတားဆီးရေး ဥပဒေဖြင့်လည်းကောင်း၊ (ပ)၁၃/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးထံ တင်ပြသည့် ကြေးနန်းအရ သိရသည်။

M-04