News

POST TYPE

NEWS

ကျိုင်းတုံတွင် စာတတ်မြောက်ရေး လုပ်အားပေး ၄၀၀ ခန့်ကို နည်းပြသင်တန်းပေး
19-Jan-2018



ကျိုင်းတုံ၊ ဇန်နဝါရီ ၁၈

အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၌ လုပ်အားပေးကြမည့် ဒေသခံ ၄၀၀ ခန့်ကို ဇန်နဝါရီလ ၁၈ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နည်းပြသင်တန်းပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာ) ဒေါက်တာဇော်ဝင်းက ပြောသည်။

“မြို့နယ် ခုနစ်ခုမှာ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို ရက် ၄၀ လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ဒေသခံလုပ်အားပေးတွေကို ထိရောက်တဲ့ သင်ကြားနည်းတွေ ညွှန်ပြဝေငှပေးတာပါ”ဟု ၎င်းက ဆိုသည်။ 

ဒေသခံတိုင်းရင်းသားများ အသိပညာနှင့်ဗဟုသုတများ တိုးပွားစေရန်အတွက် အခြေခံစာ ရေးတတ်၊ ဖတ်တတ်စေရန် သင်ကြားပေးမည့် တက္ကသိုလ်ဝင်တန်းအဆင့်နှင့် ဘွဲ့ရရှိပြီးသည့် ဒေသခံလုပ်အားပေး ၃၈၆ ဦးနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမ ၂၀ ဦးကို နှစ်ရက်တာ နည်းပြသင်တန်းပေးမည်ဖြစ်ကြောင်း၊ လုပ်အားပေးများအနေနှင့် နောင်လာမည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုတွင် ထပ်မံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ရှင်းပြသည်။ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းပျဉ်းနှင့် မိုင်းယောင်းမြို့နယ်တို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်၍ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို ရက် ၄၀ ဆောင်ရွက်မည်ဖြစ်ပြီး စာသင်ဝိုင်း ၁၉၄ ဝိုင်း၌ ဒေသခံ ၂၁၈၀ ဦး တက်ရောက်သင်ကြားမည်ဖြစ်သည်။ 

R-16