News

POST TYPE

NEWS

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ယခုလနောက်ဆုံးထား ယူနက်စကို တင်မည်
19-Jan-2018 tagged as ပုဂံ မန္တလေး

မန္တလေး၊ ဇန်နဝါရီ ၁၈

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး နောက်ဆုံးအဆင့် အဆိုပြုစာတွဲကို ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ယူနက်စကိုအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ပထမအဆင့်မူကြမ်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာ တတိယပတ်အတွင်းက ယူနက်စကိုအဖွဲ့ထံ တင်ပြခဲ့ကြောင်း၊ ယင်းမူကြမ်းမှ လိုအပ်ချက်များကို ဖြည့်ဆည်းကာ နောက်ဆုံးအဆင့်မူချောကို ထပ်မံတင်ပြရခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

လတ်တလောတွင် တင်ပြရမည့် စာတွဲများကို နောက်ဆုံးအဆင့် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ သို့မဟုတ် ၂၅ ရက်နေ့တွင် ယူနက်စကိုအဖွဲ့ထံ ပေးပို့မည်ဟု ၎င်းက ပြောဆိုသည်။

ပထမအဆင့်မူကြမ်းတွင် ပုဂံဒေသကို ဇုန်သတ်မှတ်ထားသည့် အကြောင်းအရာများ၊ ပုဂံဒေသသမိုင်းကြောင်းများ၊ ပုဂံဒေသတွင် ဖြစ်ပေါ်နေသည့် ရှေးဟောင်းအဆောက်အအုံများပေါ်တွင် သက်ရောက်နေသည့် အကျိုးအပြစ်များ၊ ယင်းအကျိုးအပြစ်များကို ကုစားနိုင်မည့်အကြောင်း၊ ခရီးသွားများနှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ ပုဂံဒေသ ရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်နိုင်မည့်အကြောင်းအရာများ ပါဝင်ကြောင်း၊ ယခုတင်ပြမည့် အပြီးသတ်စာတွဲတွင် နိုင်ငံခြားသားများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုများ၊ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုများ၊ သဘာဝဘေးဒဏ်များနှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ၊ သဘာဝပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် စီမံခန့်ခွဲမှုများ စသည့်အကြောင်းအရာများ ဖြည့်စွက်ထားကြောင်းလည်း ဦးအောင်အောင်ကျော်က ရှင်းပြသည်။

ကမ္ဘာ့အမွေအနှစ်ဖြစ်ရေးအတွက် အဆိုပြုစာတွဲကို တင်ပြပြီးနောက် ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ယူနက်စကိုမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ကျင်းပမည့်ဆွေးနွေးပွဲတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး လုပ်ငန်းအစီအစဉ်အရ သိရသည်။

“ကမ္ဘာ့အမွေအနှစ်စင်တာကို တင်ရတာ။ စင်တာကနေပြီးတော့ အဲဒီစာတွဲကြီးတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ လေ့လာမယ်။ စာတမ်းမှာ ရေးထားတာတွေနဲ့ မြေပြင်အနေအထား ကိုက်ညီမှုရှိရဲ့လား၊ စီမံခန့်ခွဲမှုစနစ်တွေက မှန်ရဲ့လား ဆိုတာစစ်မယ်။ ပြီးရင် အစီရင်ခံစာ ပြန်တင်ရမယ်။ အဲဒါတွေပြီးရင် ၂၀၁၉ ဇွန်မှာ ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ကြမှာဖြစ်ပါတယ်”ဟု ယူနက်စကို မြန်မာရုံးမှ စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။ 

ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ဇုန်ဧရိယာအတွင်းနှင့် ရှေးဟောင်း အမွေအနှစ်များစွာရှိသော နေရာများ၌ ဟိုတယ်အသစ်များ ထပ်မံဆောက်လုပ်မည်ဆိုပါက ဆုံးရှုံးမှုကြီးမားနိုင်ကြောင်း ၎င်းက ပြောဆိုသည်။ 

ပုဂံဒေသသည် ကမ္ဘာ့အထင်ရှားဆုံး ရှေးဟောင်းဒေသဖြစ်သော်လည်း ယခုအချိန်ထိ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်နယ်မြေအဆင့် မရသေးကြောင်း၊ မရသည့်အကြောင်းများတွင် ရှေးဟောင်းတန်ဖိုးများကို နားမလည်ခဲ့ခြင်း၊ ပညာရှင်များ၏ အကြံဉာဏ်များကို အပြည့်အစုံ မရခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုခဲ့ဖူးသည်။

M-05